
ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးထပ်လှုပ်မည်ဟု TikTok တွင်သတင်းမှားလွှင့်ခဲ့သူ ဂျွန်မိုးသဲကိုဖမ်းဆီး
ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးမားစွာလှုပ်မည်ဟု TikTok အကောင့်မှတစ်ဆင့် သတင်းမှ-ားလွှင့်ခဲ့သူ John(Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဧပြီ ၂၂ ရက်နံနက် ၁၀ နာရီက မုံရွာမြို့တွင် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။
စစ်ဆေးချက်များအရ ဂျွန်မိုးသဲသည် အများပြည်သူအထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ မဟုတ်မမှန်ရေးသားဖော်ပြခဲ့သည်ကို ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မုံရွာမြို့၌ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် အကြိမ်(၂၀)ခန့်လိုက်ပါဆောင်ရွက်ခဲ့သဖြင့် မုံရွာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့်အမှုဖွင့်အရေးယူခြင်း၊ KNDO တပ်ရင်း(၆)၌ဖွင့်လှစ်သည့် အကြမ်းဖက်သင်တန်းတက်ခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများအတွက် အွန်လိုင်းမှတစ်ဆင့် အလှူငွေများကောက်ခံထောက်ပံ့ပေးခဲ့ခြင်း၊ မုံရွာမြို့သို့ပြန်လည်ရောက်ရှိနေထိုင်စဥ် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း၊ မုံရွာမြို့၊ အမှတ်(၁)ရဲစခန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)/၅၂(က)တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး မုံရွာခရိုင်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့၍ မန္တလေးမြို့ရှိ လူငယ် ထိန်းသိမ်းရေးသင်တန်းကျောင်း၌ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံခဲ့ရကာ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ပြန် လည်လွတ်မြောက်လာခဲ့သူဖြစ်ခြင်းတို့ကိုလည်း ထပ်မံဖော်ထုတ်သိရှိခဲ့ရသည်။
ထို့အတူ ထောင်မှလွတ်ပြီးနောက် ဗေဒင်လက္ခဏာပညာအသုံးချ၍ ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန်ရည်ရွယ်၍ Johnmoe5.t အမည်ဖြင့် Tiktok အကောင့်ဖွင့်လှစ်ကာ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်သည့် Post များ၊ မြေငလျင်နှင့်ပတ်သက်သည့် Post များအားမဟုတ်မမှန်ရေးသားဖော်ပြခဲ့သည်ကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။