ဟာရီကိန်းမုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများကို ထောက်ပံ့ ပေးရန်အတွက် အမေရိကန်ဒေါ်လာ (၅)သန်း လှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်

ဟာရီကိန်းမုန်တိုင်း ဟယ်လင်နာနှင့် မီလ်တန်တို့ တိုက်ခတ်မှုအပြီးတွင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ထောက်ပံ့ပေးရန်အတွက် Feeding America အဖွဲ့အစည်းကို နာမည်ကျော် အဆိုတော် တေလာဆွစ်ဖ်က အမေရိကန်ဒေါ်လာ(၅)သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။


တေလာဆွစ်ဖ်၏ လှူဒါန်းမှုများကို Feeding America အကျိုးအမြတ်မယူသောအဖွဲ့အစည်းက ပြီးခဲ့သည့် အောက်တိုဘာလ (၉)ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Feeding America အဖွဲ့အစည်း စီအီးအို Claire Babineaux-Fontenot က “ဒီလှူဒါန်းမှုနဲ့ပတ်သက်ပြီး ကျွန်မတို့အဖွဲ့အစည်းက တေလာဆွစ်ဖ်ကို တကယ်ကို ကျေးဇူးတင်မိပါတယ်။ ဒီလှူဒါန်းမှုဟာ ဟာရီကိန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့အသိုင်းအဝိုင်းတွေကို ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နိုင်ဖို့၊ လိုအပ်တဲ့အစားအစာတွေ၊ သန့်ရှင်းတဲ့ရေနဲ့ ထောက်ပံ့ရေးပစ္စည်း တွေကို ပံ့ပိုးပေးနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ အတူတကွ သာဆိုရင် ရှေ့လျှောက်ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်စေဖို့အတွက် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့မိသားစုတွေကို ထောက်ပံ့ပေးရာမှာ သိသာတဲ့အကျိုးသက်ရောက်မှု တွေကို ကျွန်မတို့ပြုလုပ်နိုင်ပါတယ်” ဟု ထုတ်ပြန်ပြောခဲ့သည်။

ထို့ပြင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တေလာဆွစ်ဖ်နှင့်အတူ ပူးပေါင်း ပါဝင်ကြရန် ၎င်း၏ ပရိသတ်များနှင့်ထောက်ခံသူများကို Feeding America အဖွဲ့အစည်းက တိုက်တွန်းခဲ့ကြောင်း လည်း သိရသည်။ တေလာဆွစ်ဖ်၏ သူငယ်ချင်းများဖြစ်သော ရုပ်ရှင်သရုပ်ဆောင် Blake Lively နှင့် Ryan Reynolds တို့ စုံတွဲသည်လည်း ကယ်ဆယ်ရေးလုပ်ငန်းများကို ထောက်ပံ့ပေးရန်အတွက် Feeding America အဖွဲ့အစည်းကို အမေရိကန်ဒေါ်လာ(၁)သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် အကျပ်အတည်းကာလများအတွင်း Feeding America အဖွဲ့အစည်းကို Blake Lively နှင့် Ryan Reynolds တို့စုံတွဲ၏ နှစ်ရှည်လများ ကူညီထောက်ပံ့ပေးမှုသည် ယခင်ကဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များစွာ အတွက် အခြေခံလိုအပ်ချက်များအားလုံးကို ကူညီပံ့ပိုးပေးနိုင်ခဲ့ကြောင်း Claire Babineaux-Fontenot က ပြောကြားခဲ့သည်။

တေလာဆွစ်ဖ်သည် ၂ဝ၂ဝ ပြည့်နှစ်တွင် တန်နက်စီပြည်နယ်ကို တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းနှင့် ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် Kansas City Chiefs အသင်း၏ Super Bowl နိုင်ပွဲအတွင်းဖြစ်ပွားခဲ့သော ပစ်ခတ်မှုတို့ အပါအဝင် သဘာဝဘေးအန္တရာယ်များ (သို့မဟုတ်) ကြေကွဲဖွယ်ရာဖြစ်ရပ်များကြောင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများကို လှူဒါန်းမှုများ လုပ်ဆောင်ပေးခဲ့သည့် ရှည်လျားသောသမိုင်းကြောင်း ရှိကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၂-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၂-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ