(၁၈)ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ ရဲချုပ် တက်ရောက်

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်မှ ၂၉ ရက်အထိ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပသော (၁၈)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာအာဆီယံဝန်ကြီး အဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ (18th ASEAN Ministerial Meeting on Transnational Crime and its Related Meetings 18th AMMTC) သို့တက်ရောက်ခဲ့သည်။

AMMTC ခေါင်းဆောင်/ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်က မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူသန်းပေါင်း များစွာ၏ ဘဝများကို ဆိုးရွားစွာထိခိုက်စေသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ် ဖောက်ကားမှုသည် နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုတို့နှင့် တစ်နည်းတစ်ဖုံဆက်စပ်နေကြောင်း၊ မြန်မာအာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ Precursor chemical များစီးဆင်းမှုကို ထိန်းချုပ်ရန် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်နေကြောင်း၊ သို့ရာတွင် နယ်စပ်ဒေသများမှတစ်ဆင့် စီးဝင်နေသော တရားမဝင်ဓာတုပစ္စည်းများအား ထိန်းချုပ်ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံသည် Precursor chemical များကို မထုတ်လုပ်နိုင်သော်လည်း အဆိုပါဓါတုပစ္စည်းများ သည် နယ်စပ်တစ်လျှောက်ရှိ မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာများသို့ လမ်းကြောင်းအမျိုးမျိုးဖြင့် တရားမဝင် ဝင်ရောက် လျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းအချို့က မူးယစ်ဆေးဝါးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသော်လည်း လက်တွေ့တွင်မူ ၎င်းတို့၏ ထိန်းချုပ်နယ်မြေများအတွင်းသို့ ဓာတုပစ္စည်းများ တရားမဝင်တင်သွင်းနေပြီး ပြည်ပဓါတုပညာရှင်များ၏ အကူအညီဖြင့် မူးယစ်ဆေးဝါးများ ချက်လုပ်နေကြကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအထူးစစ်ဆင်ရေးများကို (၄၀) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Operation 39 ကို ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုပစ္စည်းနှင့် မူးယစ်ဆေးဝါးအမြောက်အမြားကို အောင်မြင်စွာ ဖမ်းဆီးရမိခဲ့ကြောင်း၊ သို့ဖြစ်၍ Operation 39/24 ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာတဝှမ်းဖြန့်ကျက်နိုင်သော မူးယစ်ဆေးဝါး၏ သဘောသဘာဝကို အသိအမှတ်ပြုကာ အစိုးရများအကြား၊ အဖွဲ့အစည်းများအကြား၊ လူ့အသိုင်းအဝိုင်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းစေရန်နှင့် သက်သေအထောက်အထားအခြေပြု မဟာဗျူဟာများရေးဆွဲချမှတ် အကောင်အထည် ဖော်နိုင်ရန် မိမိတို့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့အကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း ဆွေးနွေးခဲ့သည်။

ထို့အပြင် အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် လုပ်ကိုင်စေရေးအတွက် အတင်းအဓမ္မ တွန်းအားပေး လုပ်အားခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် လူကုန်ကူးမှုကျူးလွန်ခြင်းသည် လမ်းကြောင်းသစ်တစ်ရပ်အဖြစ် ပေါ်ထွက်လာနေကြောင်း၊ ကွန်ရက်ကို ခိုင်ခိုင်မာမာချိတ်ဆက်ထားသော ဒုစရိုက်ဂိုဏ်းအုပ်စုများသည် ဒေသအတွင်းတွင် ဆိုက်ဘာလိမ်လည်မှုစင်တာများကို လုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများကို စဉ်ဆက်မပြတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင်ခိုင်းစေရန် လူကုန်ကူးခံရပြီး ကူညီရှာဖွေကယ်တင်ပေးနိုင်ရန် ပြည်ပနိုင်ငံများမှ အကူအညီတောင်းခံထားသူများနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဒေသအာဏာပိုင်များအကြား ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိရာ ရလဒ်များအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်အထိ ၅၄၃၇၃ ဦး ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့အနက် ၅၂၁၆၄ ဦးကို တရုတ်နိုင်ငံသို့လည်းကောင်း၊ ၁၉၉၂ ဦးကို အာဆီယံအဖွဲ့ဝင် နိုင်ငံများသို့လည်းကောင်း ပြန်လည်လွှဲပေးခဲ့ပြီးဖြစ်ကြောင်း၊ လေ့လာဆန်းစစ်ချက်အရ အဆိုပါကယ်ဆယ်ခံရသူများအနက် ၁၀ ရာခိုင်နှုန်းသာ တရားဝင် ဝင်ရောက်ကြသူများဖြစ်ပြီး ကျန် ၉၀ ရာခိုင်နှုန်းမှာ တရားမဝင် ဝင်ရောက်သူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို့ကို တားဆီးနှိမ်နင်းနိုင်ရန်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆိုပါပြစ်မှုများ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရန်နှင့် ပြစ်မှုများလျော့နည်းပပျောက်စေရန်အတွက် နိုင်ငံတော်အစိုးရသည် “ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးရေးနှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (Action Task Force)” ကို ၂၀၂၄ ခုနှစ်၊ မတ်လတွင် ဖွဲ့စည်းခဲ့ကြောင်း၊ မြန်မာအာဏာပိုင်များသည် အဆိုပါအွန်လိုင်းအခြေပြုပြစ်မှုများတွင် ပါဝင်ပတ်သက်နေသူများအား ဖမ်းဆီးအရေးယူခြင်းဖြင့် ပြတ်ပြတ်သားသား ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဖမ်းဆီးရမိမှုဖြစ်စဉ်များအပေါ် စိစစ်ချက်အရ ပြည်ပနိုင်ငံသားများက အွန်လိုင်းလိမ်လည်သည့် ဂိုဏ်းအုပ်စုများ၏ နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ် နေကြောင်း၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများသည် နိုင်ငံဖြတ်ကျော်သည့် သဘောသဘာဝရှိကြောင်း၊ ၎င်းတို့၏လုပ်ငန်းများကို နယ်စပ်ဖြတ်ကျော်ဖြန့်ခွဲလိုက်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ တားဆီးနှိမ်နင်းမှုကို အလွယ်တကူ ရှောင်တိမ်းနိုင်ကြပါကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် အဆိုပါပြဿနာရပ်ကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အလို့ငှာ မူလနိုင်ငံများ၊ ဖြတ်သန်းနိုင်ငံများနှင့် ခရီးဆုံးနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်ရာတွင် Common and Shared Responsibility “မူ” ကို အခြေပြုကြရမည်ဖြစ်ကြောင်း၊ အင်တာနက်နှင့် အွန်လိုင်းဆက်သွယ်ရေးနည်းပညာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသရွေ့ အွန်လိုင်းလိမ်လည်မှုများလည်း ရှိနေဦးမည်ဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုမရှိဘဲ အဖွဲ့အစည်းတစ်ခုတည်းက ဖြေရှင်းဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ အဖွဲ့အစည်းများ၏ ပူးပေါင်းမှုဖြင့် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများသည် နယ်စပ်ဖြတ်ကျော်သည့် သဘောသဘာဝရှိသောကြောင့် မိမိတို့အနေဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

အဆိုပါ (၁၈) ကြိမ်မြောက် AMMTC အစည်းအဝေးတွင် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် သဘောတရားစာတမ်း၊ ၂ ခု၊ လမ်းညွှန်ချက် ၂ ခု၊ လုပ်ငန်းလမ်းညွှန် ၁ ခု၊ ကြေညာချက် ၂ ခုနှင့် ပူးတွဲကြေညာချက် ၅ ခုတို့ကို ဆွေးနွေးအတည်ပြုခဲ့ကြသည်ဟု သိရသည်။

ယမန်နေ့ညနေပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် တွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃၁-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ဆာမူရိုင်းမျက်နှာဖုံး နောက်ကွယ်က ဆယ်လီ အကယ်ဒမီ နေတိုး