ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း Friday Night Show အစီအစဉ်၏ “International Songs” ဖျော်ဖြေရေး အစီအစဉ်အား ကြည့်ရှုအားပေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရုရှားသံရုံးမှ ယဉ်ကျေးမှုသံမှူးနှင့် အဖွဲ့ဝင်တို့သည် ဩဂုတ် ၂၃ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယိုအေ၌ ကျင်းပသည့် Friday Night Show အစီအစဉ်တွင် MRTV Orchestra တီးဝိုင်း၏ “International Songs” ဖျော်ဖြေရေးအစီအစဉ်ကို ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Ms. Anastasia Solovieva နှင့် အဖွဲ့ဝင်တို့ကို ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တေးသံရှင်များက ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် ဖျော်ဖြေရေးအစီအစဉ်တွင် မြန်မာ၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အင်္ဂလန်နိုင်ငံ တို့မှ တေးသီချင်းများဖြင့် တေးသံရှင် ထက်လေးရွှေဘို၊ မြင့်မြတ်ကျော်၊ မင်းမြတ်သော်၊ လဝန်းမေ၊ မို့မို့ကျော်လွင်၊ ထွန်းပပအောင်၊ မြင့်မိုရ်သွန်းခ၊ စိမ့်နေခြည်နှင့် John Skid တို့က မြူးကြွသော သီဆိုမှုတို့နှင့်အတူ ဖူးပွင့်ရွှေရည်လှိုင်၊ သဉ္စာမွန်၊ ယွန်းဝတီအောင်နှင့် ချောစုတို့က တေးသရုပ်ဆောင်တို့၏ ဖျော်ဖြေမှုတို့ဖြင့် တင်ဆက်ခဲ့ကြသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Ms. Anastasia Solovieva နှင့်အဖွဲ့ဝင် တို့က ဖျော်ဖြေရေးအစီအစဉ်တွင် သီဆို၊ တီးမှုတ် ဖျော်ဖြေခဲ့ကြသည့် MRTV Orchestra တီးဝိုင်းနှင့် တေးသံရှင်တို့ကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Ms. Anastasia Solovieva နှင့် အဖွဲ့ဝင်တို့ကို အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး ပြည်ထောင်စု ဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူးနှင့်အဖွဲ့ဝင်တို့သည် MRTV Orchestra တီးဝိုင်းနှင့် တေးသံရှင်တို့ကို လိုက်လံနှုတ်ဆက်ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကြသည်။

အများပြည်သူ ပြုံးပျော်ရွှင်စေရန်နှင့် နှလုံးစိတ်ဝမ်းအေးချမ်းစေရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ Friday Night Show အစီအစဉ်များကို အပတ်စဉ် သောကြာနေ့ ည ၉ နာရီတွင် မြန်မာသံစဉ်၊ ခေတ်ပေါ်တေးသီချင်း၊ နိုင်ငံတကာတေးသီချင်းနှင့် အာဆီယံနိုင်ငံများမှ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ပေးလျက်ရှိရာ မနေ့ညတွင် Friday Night Show အစီအစဉ်၏ “International Songs” ဖျော်ဖြေရေးအစီအစဉ်ကို ပြည်သူများ အားပါးတရကြည့်ရှုခံစားနိုင်ရန် MRTV HD၊ MRTV Telegram ၊ MRTV Application တို့အပြင် ဆိုရှယ်မီဒီယာ အွန်လိုင်း ပလက်ဖောင်းတို့တွင်လည်း ထုတ်လွှင့်ပြသခဲ့ပြီး လာရောက်ကြည့်ရှုကြသည့် ပရိသတ်များကလည်း တစ်ခဲနက်အားပေးခဲ့ကြကြောင်း သိရသည်။

မနေ့ညက ထုတ်လွှင့်ခဲ့သည့် Friday Night Show အစီအစဉ်၏ “International Songs” ဖျော်ဖြေရေး အစီအစဉ်ကို ဩဂုတ် ၂၅ ရက်နေ့ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် MRTV HD Channel မှ ပြန်လည် ထုတ်လွှင့်ပေးသွားမည် ဖြစ်ရာ အများပြည်သူများအနေဖြင့် စောင့်မျှော် ကြည့်ရှုနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မဟာရုပ်သံဇာတ်လမ်းတွဲ“ပျိုးဥယျာဉ်”ဇာတ်လမ်းတွဲအတွက် မျက်နှာသစ်သရုပ်ဆောင် ခေါ်ယူနေ
Next post (၂၄-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ