ပေါ်ဆန်းဆန်ကို အရန်ဆန်အဖြစ် ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်နေ

ပြည်တွင်း၌ အရန်ဆန်ထားရှိမှုတွင် ပေါ်ဆန်း‌ဆန်ကိုပါ အရန်ဆန်အဖြစ်ထားရှိရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က နိုင်ငံပိုင်သတင်းဌာနကို ပြောသည်။“လာမယ့်ရာသီမှာတော့ ပေါ်ဆန်းကိုပါ အရန်ဆန်ထဲထည့်ဖို့ စီစဉ်နေပါတယ်‌။ ဧည့်မထကတော့ လုံလုံလောက်လောက်နဲ့ ဖြန့်ဖြူးပေးနေပါတယ်” ဟု ဦးရဲမင်းအောင် က ပြောသည်။

လက်ရှိတွင် ပို့ကုန်ကိုအခြေပြုသည့် အရန်ဆန်အစီအစဉ်ထဲ၌ ဧည့်မထဆန်‌များကို ထားရှိထားကာ လာမည့် ဆန်စပါးရာသီ၌ ပေါ်ဆန်းကိုပါ ထားရှိနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု သူကရှင်းပြသည်။“အဲဒီအရန်ဆန်တွေကို ဆန်စပါးအသင်းချုပ်က ဝယ် တယ်။ ဝယ်ပြီးတဲ့အခါကျရင် ဌာနဆိုင်ရာတွေ၊ ပုဂ္ဂလိကစက်မှုဇုန်အလုပ်သမားတွေကို ပြန်ပြီးတော့ရောင်းပေးတာ ပေါ့နော်။ ဒါကတော့ ပို့ကုန်ကိုအခြေပြုတဲ့ အရန်ဆန်အစီအစဉ်ဖြစ်ပါတယ်။ ဧည့်မထဆန်တွေကို ရောင်းပေးပါတယ်” ဟု သူက ထပ်လောင်းပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်းကာ ပြည်သူများ အတွက် လိုအပ်သည့် အရန်ဆန်ထားရှိမှုအစီအစဉ်၌ ပို့ကုန်တစ်တန်ကို ဆန် (၁) အိတ်မှ (၃) အိတ် ထားရှိထားကြောင်းလည်း သိရ သည်။

လက်ရှိတွင်လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းက သတ်မှတ်ထားသည့် ဆန်ဆိုင်များ၌ ပေါ်ဆန်းဆန်တစ်ပြည် ၅၀၀၀ ကျပ်၊ ဧည့်မထဆန်တစ်ပြည် ၃၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေကြောင်းလည်း သိရသည်။

ထို့ပြင် ရေလွှမ်းမှုကြောင့် ပြန်လည်စိုက်ပျိုးရန် လိုအပ်သည့် စပါးစိုက်ခင်းများကို အတိုးမဲ့မျိုးစပါးနှင့် ဓာတ်မြေဩဇာဖိုးငွေ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ် ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်း
Next post အကယ်ဒမီများရှင် ရန်အောင်ရဲ့မိခင် ကွယ်လွန်