မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံရာတွင် မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေး ယခုနှစ် အောက်တိုဘာလအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသွားမည့် အခြေအနေများ၊ ရွေးကောက်ပွဲဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီအားလုံး လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက် ပေးနေသည့် အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဖြစ်စေရေး ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ ဦးစွာ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တရုတ်နိုင်ငံဘက်မှ ဆွေးနွေးရာတွင် သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ လိုအပ်သည့် နည်းပညာ ကူညီမှုများကိုလည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရေး တိုက်တွန်းလိုပါ ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာဘက်မှ ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့် ကိစ္စရပ်များကိုမဆို မြန်မာနိုင်ငံမှတစ်ဆင့် လုပ်ဆောင်နေမှုများအား လုံးဝလက်ခံမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးတို့အပေါ် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။

ယင်းနောက် တရုတ်နိုင်ငံဘက်မှ ဆွေးနွေးပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်၍ ကုန်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ စသည့် ကဏ္ဍစုံတို့၌ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုလည်း ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး စည်းလုံးညီညွတ်ရေးနှင့် မြန်မာ နိုင်ငံ၏ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တည်ရှိနေမှုကို ထောက်ခံလျက်ရှိကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးမှုများကို ဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ အတွက် ထာဝရမိတ်ဆွေ နိုင်ငံအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်များကအပ်ငွေများ အပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့် အတိုးနှုန်းများ ပြင်ဆင်သတ်မှတ်
Next post ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တွေ့ဆုံ