ရှမ်းမြောက် စစ်ရေးတင်းမာနေချိန် တရုတ်အထူး ကိုယ်စားလှယ် မြန်မာပြည်လာ

တရုတ် – မြန်မာ နယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲများနှင့် မြန်မာ့ တပ်မတော်တိုအကြား စစ်ရေးတင်းမာနေချိန်တွင် တရုတ်နိုင်ငံ၏ မြန်မာ့အရေးအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်း နေပြည်တော်သို လာရောက်ခဲ့ကြောင်း သိရသည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဖြစ်စဉ်နှင့် ပတ်သက်ပြီး နစက ဥက္ကဋ္ဌ၏ ပြည်သူများသို ပြောကြားချက်တွင် ရှမ်းမြောက်က လက်နက်ကိုင်အဖွဲများအား တရုတ်ကနောက်ကွယ်မှ ပံ့ပိုးကူညီနေသည်ဆိုသည့် သဘောသက်ရောက်သည့် ပြောကြားချက် အချို့ပါဝင်ခဲ့သည်ကို တွေ့ရသည်။

ယင်းကဲ့သို ပြောကြားအပြီး ရက်ပိုင်းအကြာတွင် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း၏ နေပြည်တော်ခရီးစဉ် ရုတ်တရက်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မစ္စတာ တိန့်ရှီကျွန်းသည် ယနေ့ ဩဂုတ်လ (၈) ရက် နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း နေပြည်တော်သတင်းရပ်ကွက်မှ စုံစမ်းသိရပြီး နစက ခေါင်းဆောင်များနှင့် တွေ့ဆုံရန် အစီအစဉ်ရှိနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြောကြားခဲ့သည့် နစက ဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် တရုတ် – မြန်မာနယ်စပ်တွင် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လက်နက်စက်ရုံများကို နောက်ကွယ်မှ ပံ့ပိုးပေးနေသည့် နိုင်ငံကို ဖော်ထုတ်ရမည်ဆိုသည့် စကားနှင့် MNDAA ကအသုံးပြုနေသည့် ဒရုန်းများနှင့် ဒုံးများမှာ နည်းပညာအရ ပြန်လည်တီထွင်ထားသည့် ပစ္စည်းများဖြစ်သည့်အတွက် ယင်းသို့လုပ်ဆောင်နိုင်ရန် ပြည်ပမှ နည်းပညာအကူအညီများပေးနေခြင်း ဖြစ်ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း လားရှိုးဖြစ်စဉ်နှင့်ပတ်သက်၍ အင်အားထောင်နှင့်ချီကာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲကို နေပြည်တော်နှင့်ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

အလားတူ တရုတ်မှ ကမကထပြု ကျင်းပနေသည့် (၆) ကြိမ်မြောက် ဟိုင်ဂင် အစည်းအဝေးသို့ တပ်မတော်နှင့် အစိုးရဘက်မှ မတက်ရောက်သည့် ကိစ္စ ၊ ရှမ်းမြောက်ရှိ ၎င်းတို့ထိန်းချုပ်ထားသည့် မြို့များအား တပ်မတော်ဘက်က လေကြောင်း ပစ်ခတ်မှုများ မလုပ်ရန် တရုတ်က ကြားဝင် ပြောဆိုပေးရန် မြော က်ပိုင်း (၃) ဖွဲ့က တောင်းဆိုမှုများနှင့်လည်း မစ္စတာ တိန့်ရှီကျွန်း၏ ယခုခရီးစဉ်မှာ တိုက်ဆိုင်နေသည်။

” SAC ကို ဖိအားပေးဖို့ လာတယ်လို့တော့ ယတိပြတ်ပြောလို့မရနိုင်ဘူး။ သို့သော်လည်းပဲ ဒီသဘော သက်ရောက်မှုတော့ ရှိနိုင်တာပေါ့။ တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထားကလည်း အားလုံး ထင်သာမြင်သာ ရှိနေတာပဲလေ။ မီးစတစ်ဘက် ရေမှုတ်တစ်ဘက် သဘောမျိုးဆိုတာကိုလေ။ ဘယ်သူတွေနဲ့တွေ့မယ် ၊ ဘာတွေဆွေးနွေးကြမယ်ဆိုကိုတော့ စောင့်ကြည့်ရဦးမှာပေါ့” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

မစ္စတာ တိန့်ရှီကျွန်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်၏ အထူးကိုယ်စားလှယ်အဖြစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင် စတင် တာဝန်ယူခဲ့ပြီး မြောက်ပိုင်းအဖွဲ့များနှင့် တွေ့ဆုံမှုများ ရှိခဲ့သလို နစက ဥက္ကဋ္ဌ အပါအဝင် နစက၏ ထိပ်ပိုင်း ခေါင်းဆောင်များ နှင့်လည်း လာရောက်တွေ့ဆုံမှုများ ရှိထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပို့ကုန်ရငွေ၏ ၇၅ ရာခိုင်နှုန်းအထိ ပြင်ပတွင် လွတ်လပ်စွာ ရောင်းဝယ်နိုင်ပြီ
Next post (၈-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ