ဘွတ်စိန်ဘုရွာအုပ်ချုပ်ရေးမှူးအား အုတ်ဖို PDF အဖွဲ့က သေနတ်ကျည် ၁၂ ချက်ဖြင့် ပစ်သတ်

အုပ်ချုပ်ရေးမှူးရာထူးမှ ကျန်းမာရေးကြောင့် နုတ်ထွက်မည့် မင်းလှမြို့နယ်၊ ဘွတ်စိန်ဘုရွာအုပ်ချုပ်ရေးမှူးအား အုတ်ဖို PDF အဖွဲ့က သေနတ် ကျည် ၁၂ ချက်ဖြင့် ပစ်သတ်လိုက်သည်ဟု သတ်ဖြတ်သည့် PDF အဖွဲ့က ယနေ့ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဘွတ်စိန်ဘုအုပ်စု အုပ်ချုပ်ရေးမှူး ဦးညွန့်မြိုင်အား ဘွတ်စိန်ဘုရွာထိပ် တံတားအနီး၌ ဆိုင်ကယ်စီးလာစဥ် ဩဂုတ်၅ရက် နံနက်၉နာရီခန့်တွင် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို PDF များက သေနတ်ဖြင့် ၁၂ ချက်တိတိ ပစ်ခတ်သတ်ဖြတ်၍ နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ဦးညွန့်မြိုင်ထံမှ သေနတ်အတို ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည် ၁၆ တောင့်၊ လေးခွ ၁ လက်၊ ကျည်ကာအင်္ကျီ ၁ ထည်အပြင် ဆိုင်ကယ် ၁ စီး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၁၂၅၀၀၀ ကျပ်၊ မှတ်ပုံတင် ၁ ခု၊ စစ်မှုထမ်းဟောင်း ပင်စင်ငွေ ထုတ်ကတ် ၁ ခုတို့အား လုယက်သိမ်းယူခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အုပ်ချုပ်ရေးမှူး ဦးညွန့်မြိုင်သည် ကျည်လွဲအဆောင်ရှိသူဟု နာမည်ကြီးနေသည့် စစ်မှုထမ်းဟောင်း တပ်ထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး PDF တပ်ဖွဲ့များနှင့် PDF များ၏ အချက်အလက်များ​အား တပ်ထံ ထောက်​လှမ်း​သတင်းပို့ခြင်း၊ တပ်အလိုကျ ပြည်သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်း၊ ပြည်သူများအား စစ်တပ်အားကိုးဖြင့် အမျိုးမျိုးဒုက္ခပေးနေ၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် အုတ်ဖို PDF က ပစ်ခတ်ခဲ့မှုကြောင့် တာဝန်မှ နုတ်ထွက်သည်ဟု သတင်းလွင့်၍ ယခင်ကထက် ပြည်သူများအပေါ် ပိုမိုဖိနှိပ်လာခြင်း၊ လက်နက်ကိုင်ရမ်းကားလာခြင်းကြောင့် သတ်ဖြတ်လိုက်သည်ဟု အုတ်ဖို PDF က သတ်ဖြတ်မှုအပေါ် တဖက်သတ်ရေးသား ဖော်ပြထားသည်။

ပဲခူးတိုင်းမှ PDF များသည် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို အဓိက သတ်ဖြတ်နေပြီး ယခုနှစ်အတွင်း ပဲခူးတိုင်းတစ်ခုတည်း တွင်ပင် အုပ်ချုပ်ရေးမှူး ရာဂဏန်းခန့် သတ်ဖြတ်ခံထားရသော်လည်း တရားခံ ဖမ်းမိမှုမရှိသလောက် နည်းပါးနေသည်။ နွေဦးတော်လှန်ရေး စတင်ချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုမျုးကြောင့် ရဟန်း၊ သံဃာ ၈၄ ပါး ပျံလွန် တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူနဲ့ နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦးကို “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်စေသူ” စွပ်စွဲချက်ဖြင့် NLD/CRPH/NUG/PDF/EAOs တို့က သတ်ဖြတ်ထားသလို ပညာရေး/ကျန်းမာရေးနှင့် လူနေအဆောက်အဦအပါအဝင် နိုင်ငံဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အဦ ၁၀,၉၃၀ လုံးကိုလည်း တိုက်ခိုက်ဖျက်ဆီးထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အပြစ်မဲ့အရပ်သားပြည်သူ (၁ဝဝ)ကျော်အား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် MNDAA ကိုးကန့်သောင်းကျန်းသူများကို ကန့်ကွက်ရှုတ်ချပွဲ ရန်ကုန်မြို့၌ကျင်းပ
Next post စစ်သွေးကြွ MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ ရက်စက် ယုတ်မာမှုအား ကန့်ကွက်ရှုတ်ချပွဲ နေပြည်တော်တွင် ပြုလုပ်