ရိုက်ကွင်းပေါ်မှာ ဝင်ပူးကပ်တာမျိုး ရှိခဲ့သလို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာလည်း ရှိတယ်ဆိုတဲ့ မင်းဘုန်းမြတ်

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့

စေတလုံးမောင်ဘုန်း ကာရိုက်တာနဲ့ ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ သရုပ်ဆောင် မင်းဘုန်းမြတ်ကတော့ “မယ်ချို”ဇာတ်လမ်းတွဲမှာ ရိုက်ကွင်းပေါ် ဝင်ပူးကပ်တာမျိုးရှိခဲ့တဲ့အပြင် ကိုယ်တိုင်တကယ်ကြုံတွေ့ခဲ့ရတာလည်း ရှိတယ်လို့ဆိုပါတယ်။

“Casting စခေါ်တော့ ဝင်လျှောက်လို့ ကျော်ထင်ဇာတ်ကောင်နေရာ ရိုက်ခဲ့ရတာပါ။ ပင်းတယဘက်မှာ ကျွန်တော်တို့တွေ ဆောင်းတွင်းကြီးမှာ ညအရမ်း ညဉ့်နက်တဲ့အထိ ရိုက်ကူးခဲ့ရတာတွေ ရှိတယ်။ ခုလိုရိုက်ကွင်းပေါ်မှာ သရဲဝင်ပူးကပ်တာမျိုး ရှိခဲ့တယ်။ အဲလိုရိုက်ရင်းနဲ့ သူငယ်ချင်းနှစ်ယောက် မုဒ်ပြန်ထုတ်လို့မရဘဲ သရဲဝင် ပူးကပ်သလိုတွေပါ ကြုံခဲ့ရတယ်။ နေရာဒေသကြောင့်ပေါ့နော်။ နောက်ပိုင်း နှစ်ယောက်လုံးအဆင်ပြေသွားပါတယ်။ ဆောင်းတွင်းကာလ ရေထဲဆင်းရတာမို့ တော်တော် ခက်ခဲခဲ့တယ်။ ကျွန်တော့်အနေနဲ့ ဇာတ်ဝင်ခန်းမှာ ကာရိုက်တာ ပီပြင်ဖို့အတွက် အကောင်းဆုံးကြိုးစား ထားပါတယ်။ မင်းသမီးနာမည်နောက်မှာ ကိုယ့်နာမည် ထိုးခံရလို့လည်း ဘာမှမဖြစ်ပါဘူး။ ကိုယ်လုပ်ရမယ့် ဇာတ်ရုပ်ကိုပဲ ပီပြင်အောင် ကြိုးစားရမှာပါ။ တကယ်ကတော့ မယ်ချိုက ချောလို့ပဲ မင်းသမီးဖြစ်တာပါ။ Horror ဇာတ်လမ်းပုံစံလေးပါ။ စေတလုံးမောင်ဘုန်းလို ပရိသတ်ရင်ဘတ်ချင်းထိမလားဆိုတာကတော့ ပရိသတ်ရဲ့ Feedback ကို သိချင်မိပါတယ်” လို့ သရုပ်ဆောင် မင်းဘုန်းမြတ်က ပြောပါတယ်။

သူဟာ လာမယ့် ဩဂုတ် ၂ ရက်မှာ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမယ့် “မယ်ချို” ဇာတ်လမ်းတွဲမှာ ဝိုင်းရွှေရည်၊ မာန်ဟိန်း၊ သွန်းသစ္စာဇော်၊ ပြုံးဟန်သာကို၊ ရန်လင်းအောင်၊ ငြိမ်းချမ်းကိုကို၊ တေဇာကျော်၊ ထူးဝဏ္ဏရှိန်၊ စိုင်းဇေယျ၊ ဝေယံထက်၊ ဇင်မင်းစိုး၊ ခန့်ကျော်၊ နှင်းနန္ဒာမောင်၊ ဥသြသံသာ၊ မေသင်းကို၊ မှူးသခင်ကို၊ ဇော်မှိုင်း၊ ဒေါင်းဝေ စတဲ့သူတွေနဲ့ ပါဝင်သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။ မင်းဘုန်းမြတ်ကတော့ အနုပညာနဲ့ပတ်သက်ရင် ဂီတပိုင်းမှာလည်း Single Song တွေ ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ကချင်၊ စစ်ကိုင်း ၊ ပဲခူးနှင့် မွန်တို့ရှိ တိုင်းနှင့် ပြည်နယ်အဆင့် တရားလွှတ်တော်တရားသူကြီးများ ခန့်အပ်