
SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ လားရှိုးရှိ နေအိမ် ဖျက်ဆီးခံရ
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ နေအိမ် ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်)တွင် လားရှိုးမြို့ ရပ်ကွက် (၁)၊ နယ်မြေ (၆) မြဝတီလမ်းရှိ SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ နေအိမ်တွင် စောင့်ဆိုင်းနေသူများကို ကိုးကန့်တပ်ဖွဲ့ (MNDAA) မှ ဝင်ရောက်မောင်းထုတ်ပြီး၊ နေအိမ်ကို ဖျက်ဆီးခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူများထံမှ သိရှိရပါသည်။

“အိမ်မှာလည်း အိမ်စောင့်ကလွဲပြီး ဘယ်သူမှ မကျန်ခဲ့ဘူး။ အိမ်စောင့်တဲ့သူကို MNDAA တို့က မောင်းထုတ်တယ်။ နောက် MNDAA တွေ ပြန်ထွက်သွားလို့ အစောင့်က ပြန်သွားကြည့်တော့ အားလုံးတစ်စစီ ဖျက်ဆီးခံထားရပြီ”၄င်းက ဆိုပါသည်။လားရှိုးမြို့တွင် ဒေသခံများ နေအိမ်ကို စွန့်ခွာထွက်ပြေးနေချိန် ၎င်းနေအိမ်များ၊ ဆိုင်ခန်းများရှိ လူသုံးကုန်ပစ္စည်းများကို နေ့စဉ် ဖောက်ထွင်း ခိုးယူခံရခြင်း၊ ဖျက်ဆီးခံနေရကြောင်း လားရှိုးဒေသခံများက ပြောသည်။