ကရင်ပြည်နယ်တွင် ရေဘေးကြောင့် ယာယီကယ်ဆယ်ရေး စခန်းပေါင်း (၅၇) ခုဖွင့်လှစ်ရ

ကရင်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုကြောင့် ဘားအံ၊ လှိုင်းဘွဲ့၊ ရွှေဂွန်း၊ ကမမောင်း၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့များတွင် ယာယီ ကယ်ဆယ်ရေးစခန်းပေါင်း (၅၇) ခု ဖွင့်လှစ်ကာ အိမ်ထောင်စုပေါင်း (၆၃၉၉) စုကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများမှ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ဇူလိုင် (၃၀)ရက်အထိ စိုးရိမ်ရေအမှတ် (၇၅၀) စင်တီမီတာအထက် (၉၃၆) စင်တီမီတာ၌ ဆက်လက်တည်ရှိနေကြောင်း သိရသည်။ လက်ရှိတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ရေဘေးသင့် ပြည်သူများ လိုအပ်သည့် ကူညီများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့နှင့် ပတ်ဝန်းကျင်ဒေသရှိ ရပ်ကွက်/ ကျေးရွာများတွင် ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးပြီး မိုးစပါး စိုက်ခင်းများ၊ ပျိုးခင်းများ ရေကြီးနစ်မြုပ်မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးလယ်မြေများ အား ရေကျသည်နှင့် တောင်သူများ ပြန်လည် ထွန်ယက် စိုက်ပျိုး လုပ်ကိုင်နိုင်ရန်၊ ထိခိုက်လယ်မြေများ ပြန်လည်ကုစား နိုင် ရေး မျိုးစပါးနှင့်သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် တာဝန်ရှိသူများကို ပြည်နယ်ဝန်ကြီးချုပ် က မှာကြားထားကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ဇူလိုင် (၃၀) ရက်က ဘားအံမြို့အဝင် ဆင်ဖြူတော်လေးစီးပါဝင်သော ဖားစည်အဝိုင်းမှ တဆင့် ဘားအံ(ဖားစည်လမ်းဆုံ)-ရွှေယဉ်မျှော် – နောင်လုံလမ်း ရေကျော်နေမှု အခြေအနေ၊ သထုံ – ဘားအံ- ကော့ကရိတ်-မြဝတီလမ်း၊ ကော့ကျိုက် – ကော့ပရံ – ဇာသပြင်(အဖြောင့်)လမ်း၊ ဘားအံမြို့ရှောင်လမ်းတို့တွင် မြေနိမ့်ပိုင်းနေရာများ၌ ရေကျော်မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ပြည်နယ်ကမ္မဋ္ဌာန်းကျောင်းတိုက် ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီ ပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု (၇၀) စု၊ လူဦးရေ (၂၉၂) ဦးတို့အား ယာယီပြောင်းရွှေ့နေထိုင်စဉ် ကာလအတွင်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ကြည်စွာနေထိုင်ရန်၊ တကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြစေလိုပြီး တာဝန်ရှိသူများ၏ ပြောဆိုဆုံးမမှုများကို လိုက်နာ၍ အေးချမ်းပျော်ရွှင်စွာနေထိုင်ကြစေလိုကြောင်း၊ အားပေးစကား ပြောကြားကာ ဆန်၊ ဆီ၊ ကြက်ဥ၊ ထမင်းဘူး စသည့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၃) အခြေ ခံပညာအထက်တန်းကျောင်း(ခွဲ) ရေဘေးကယ်ဆယ်ရေး စခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု (၁၃ ၄) စု၊ လူဦးရေ (၆၅၀) ဦးတို့အား သွားရောက် တွေ့ဆုံအားပေး စကားများ ပြောကြားပြီး ဆန်၊ ဆီ၊ ကြက်ဥအစရှိသော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များက သံလွင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် လူနေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့သော်လည်း ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ခြင်း မရှိဘဲ ၎င်းတို့၏ နေအိမ်များတွင်သာ ဆက်လက်နေထိုင်သော အိမ်ထောင်စုများအား နေ့လယ်စာထမင်းဘူးများ လိုက်လံဝေငှပေးခဲ့သည်။

ထိုသို့ လိုက်လံဝေငှပေးရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူက အမှတ်(၈)ရပ်ကွက်၊ စီးပွားရေးရာဝန်ကြီး ဦးစောခင် မောင်မြင့်က အမှတ်(၄)ရပ်ကွက်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အမှတ်(၆)ရပ်ကွက်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးညီညီဇော်က အမှတ်(၇)ရပ်ကွက်၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က အမှတ်(၃)ရပ်ကွက်တို့တွင် အိမ်ထောင်စု လူဦးရေအလိုက် နေ့လယ်စာထမင်းဘူးနှင့် ရေသန့်ဘူးများကို လှေငယ်များဖြင့် လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃၁-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post The Mask Singer က ဒိုင်တွေကို အရမ်းထုံတယ်လို့ ပြောလိုက်တဲ့ လင်းဇာနည်ဇော်