ပဲခူးတမြို့လုံးနီးပါး ရေကြီးနေပြန် ၊ ယာယီစခန်း၂၇ ခု ဖွင့်ထားပြီး တိုးဂိတ်နဲ့ တံတားလည်းပိတ်

၂၀၂၄ ခုစ်၊ ဇူလိုင်လ ၂၈ ရက်

ပဲခူးမှာ မိုးရွာသွန်းနေပြီး မြစ်ရေတွေဆက်တိုးနေတာကြောင့် အရေးပေါ်ကူညီရေးတွေ လုပ်နေရပြီး ပဲခူးတိုးဂိတ်လည်း ပိတ်ထားသလို ပဲခူးတံတားကနေလည်းသွားလာခွင့်ပိတ်လိုက်ပြီလို့သိရပါတယ်။

ပဲခူးတမြို့လုံးနီးပါး ရေဝင်ရောက်နေပြီး တချို့နေရာတွေမှာ လူတရပ်နစ်မြုပ်တဲ့အထိရေကြီးနေသလို ပဲခူး- ရန်ကုန်လမ်းက တိုးဂိတ်မှာလည်းရေကြီးနေခြင်း၊ ပဲခူးတံတားအဆင်းမှာလည်းရေကြီးနေတာကြောင့် သွားလာမရတော့လို့ ပိတ်လိုက်ရတာ ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိပဲခူးမြစ်ရေဟာ ၉၈၂ စင်တီမီတာအထိရှိလာနေတာကြောင့် မနှစ်က အဆိုးဝါးဆုံးရေကြီးမှုဖြစ်ခဲ့တဲ့စိုးရိမ်ရေမှတ် ၁၀၀၄ စင်တီမီတာကို ရောက်ရှိဖို့ ၁ ပေ လောက်သာလိုတော့တဲ့အတွက် ဒေသခံတွေကစိုးရိမ်နေကြပါတယ်။

” ရေကအတက်ကြမ်းတယ်။မိုးကလည်းမပြတ်ဘူး။ခုမနက်ကိုထပ်တိုးနေတာ။ထမင်းထုတ်ဝေသူကဝေ၊ ကယ်ဆယ်ရေး လုပ်သူကလုပ်ပေါ့။အကူအညီတွေကတော့အကုန်လိုတာပဲ။အရေးပေါ်ရွှေ့ရတော့ အစားအသောက်အပြင်အကုန်လိုတယ်။ရေဘေးသင့်သူများတော့ ချက်ပြုတ်ရတာကိုက တာဝန်တအားကြီးတယ်။မနှစ်ကစိုးရိမ်ရေမှတ်ကိုမီဖို့သိပ်မလိုတော့ဘူး။မနှစ်ကလိုမဖြစ်ဖို့ဆုတောင်းရင်းကယ်ဆယ်ရေးတွေလုပ်နေရတာပဲ။မနှစ်ကတော့အတော်ကို ဆိုးရွားခဲ့တာမို့လိုခုနှစ်ထပ် မကြုံချင်ဘူး။ရေအမြန်ကျပါစေဆုတောင်းတယ်။ ” လို့ ရေဘေးကူညီရေးလုပ်နေသူတယောက်ကပြောပါတယ်။

ပဲခူးမြစ်ရဲ့စိုးရိမ်ရေမှတ်က ၈၈၀ စင်တီမီတာ ဖြစ်ပြီး လက်ရှိ ရောက်နေတဲ့ပဲခူးမြစ်ရေက ၉၈၂ စင်တီမီတာဖြစ်နေတာကြောင့် စိုးရိမ်ရေမှတ်ထက် ၃ ပေကျော်နေကာ နောက်ထပ်လည်းမြစ်ရေ ၁ ပေလောက်မြင့်တက်လာအုံးမယ်လို့ မိုးဇလကတော့ အသိ ပေးထားပါတယ်။

လက်ရှိမှာ ယာယီရေဘေးရှောင်စခန်း ၂၇ ခုဖွင့်လှစ်ထားပြီး စခန်းမှာရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၅၀၀၀ ဝန်းကျင်မှ လူဦးရေ ၂၀၀၀၀ နီးပါးရောက်ရှိနေကြောင်း၊ ထပ်ပြီးလည်းရေကြီးနစ်မြုပ်တဲ့ နေအိမ်ကဒေသခံတွေကို အရေးပေါ်ပြောင်းရွှေ့မှု လုပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။

” ခုထိကယ်ဆယ်ရေးလုပ်နေတာပါ။လှေတွေနဲပဲလုပ်လို့ရတော့တယ်။ မနှစ်ကလိုမဖြစ်ပါစေနဲ့ပဲဆုတောင်းတယ်။တခြားသူ တွေကထမင်းထုတ်ဝေနေတယ်။မိုးသည်းတာရော ဆည်တမံတွေကလည်း ရေတွေတိုးတော့အတက်မြန်နေတယ်။ နှစ်ရက်ထဲ ကိုတအားတက်လာတာ။ ” ကယ်ဆယ်ရေးလုပ်နေသူတယောက်ကထပ်ပြောပါတယ်။

ရေကြီးနစ်မြုပ်မှုတွေကြောင့် စာသင်ကျောင်းအများစုပိတ်ထားပြီး စာမေးပွဲဖြေရမယ့် ကျောင်းသားတွေကိုလည်း ရက်ရွှေ့ ပေးထားတယ်လို့သိရပါတယ်။ ပဲခူးမြို့ကားလမ်းတွေပေါ်က အချို့နေရာတွေမှာလည်း မြစ်ရေက၂ ပေလောက်အထိ မြင့်တက်မှုရှိပြီး တာဝန်ရှိသူတွေက လမ်းကြောင်းရှင်းလင်းရေးလုပ်ဆောင်ပေးနေသလို အချို့လမ်းတွေ ယာယီပိတ်ထား ပါတယ်။

လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေအတွက် အစားအသောက်တွေ၊ သောက်ရေသန့်တွေ၊အခြားအကူအညီတွေ လိုအပ်နေတယ်လို့သိရပါတယ်။ ဇူလိုင် ၂၆ ရက်နေ့ညနေကစပြီး ပဲခူးမြစ်ရေက စိုးရိမ်ရေမှတ်အထက်ကို စတင်ကျော်လွန်လာပြီး မိုးကလည်းဆက်တိုက်ရွာခဲ့တာကြောင့် မြစ်ရေက အတမ်ကြမ်းခဲ့တာဖြစ်ပါတယ်။

မနှစ်က ၂၀၂၃ ခုနှစ်အောက်တိုဘာမှာ ပဲခူးတမြို့လုံးနီးပါး ရေကြီးနစ်မြုပ်မှုဖြစ်ပွားချိန်က ပဲခူးမြစ်ရေဟာ ၁၀၀၄ စင်တင်မီတာအထိမြင့်တက်ခဲ့ကာ စိုးရိမ်ရေမှတ်ထက် ၄ ပေကျော်လွန်ပြီး ပဲခူးတိုင်းမှာ နှစ်ပေါင်း ၆၀အတွင်းအဆိုးရွားဆုံး ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့တာကြောင့် မနှစ်ကလိုရေကြီးနစ်မြုပ်မှုဖြစ်ပွားမှာကိုဒေသခံတွေကစိုးရိမ်နေကြတာဖြစ် ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဘားအံရေကြီးမှုစံချိန်အသစ်သို့ရောက်ရှိ
Next post Congratulations Lover ရဲ့ တစ်မူထူးခြား စိတ်လှုပ်ရှား စရာ‌ကောင်းတဲ့ Bridal Showcase 2024 ပထမနေ့