ဂီတသက်တမ်း ၂၄ နှစ်မှာ ပထမဦးဆုံး “He’ Lay Old Service Show တစ်ကိုယ်တော်ဖျော်ဖြေပွဲ” လုပ်ရတဲ့ အတွက် ရင်ခုန်နေပါတယ်ဆိုတဲ့ ဟဲလေး

ယနေ့ ဇူလိုင် ၂၆ ရက် ညပိုင်း Modern Radio Bar မှာ ကျင်းပမယ့် အဆိုတော် ဟဲလေးရဲ့ ဂီတသက်တမ်း ၂၄ နှစ်မှာ ပထမဦးဆုံး “He’ Lay Old Service Show တစ်ကိုယ်တော်ဖျော်ဖြေပွဲ” လုပ်ရတဲ့အတွက် ရင်ခုန်နေပါတယ်လို့ ဆိုပါတယ်။

“ဒီပွဲလုပ်ရဖို့အတွက် အရမ်းလည်း ရင်ခုန်နေပါတယ်။ Old Service Show နာမည်ပေးဖြစ်တာကတော့ ကျွန်တော် သီချင်းခွေထဲက နာမည်ကို ယူသုံးလိုက်တာပါ။ အချိန်တစ်လလောက် ကြိုတင်ပြင်ဆင်ခဲ့ရတဲ့ ပွဲပါ။ One Man Show လုပ်ရတာ တကယ်မလွယ်တဲ့ ကိစ္စကြီးပါ။ ကိုယ်တစ်ယောက်တည်း နာမည်တစ်ခုတည်းကို ပရိသတ်က လာကြည့်ကြမှာ။ အဲ့ဒီမှာ ပျင်းသွားလို့လည်း မဖြစ်ဘူး။ ငြီးငွေ့သွားလို့လည်း မဖြစ်ဘူး။ သီချင်းတွေကလည်း ပေါက်ရမယ်။ ပေါက်တဲ့ သီချင်းတွေလည်း အများကြီးရှိရမယ်။ နောက်တစ်ခုက အဖက်ဖက်ကပေါ့။ ကိုယ်တစ်ယောက်တည်းနဲ့က မပြီးဘူး။ နှစ် ၂၀ ကျော်မှာ တွဲဆိုတဲ့ သူငယ်ချင်းတွေက အများကြီးပဲ။ တချို့ သူငယ်ချင်းတွေကို အားနာတယ်။ အကူအညီတောင်းရသလောက် သူငယ်ချင်းတွေ ဝန်းရံကြမယ်။ ဘယ်လောက်ထိ ကျွန်တော့်ကို ချစ်ပြီး အသိအမှတ်ပြုတယ်ဆိုတာလေး သိချင်တယ်။ အကျိုးအကြောင်း မတိုက်ဆိုင်လို့ One Man Show မလုပ်ဖြစ်ဘဲ မလုပ်ဖြစ်ခဲ့ဘူး။ အဓိက ကိုယ့်ကိုဝန်းရံတဲ့သူတွေများလို့ ဒီပွဲလုပ်ဖြစ်သွားတာပါ”လို့ ဟဲလေးက ပြောပါတယ်။

အဆိုပါ ဖျော်ဖြေပွဲမှာတော့ Featuring အနေနဲ့ Teen အဖွဲ့၊ Theory အဖွဲ့၊ လွှမ်းပိုင်၊ မေခလာ၊ ဝိုင်းစုခိုင်သိန်း၊ ရတနာမိုင်၊ ယွန်းမြတ်သူ၊ ဂေဂေး၊ ချမ်းမြေ့မောင်ချို၊ ရွှေအိမ်စည် စတဲ့သူတွေနဲ့ သီချင်းအပုဒ်ရေ ၃၀ ကျော်လောက်ကို သီဆိုမှာဖြစ်ပြီး ZuKo၊ Zillion အကအဖွဲ့က ဖျော်ဖြေမှာဖြစ်တယ်လို့ သိရပါတယ်။ တေးရေး တေးဆို ဟဲလေးဟာ ၂၀၀၀ ပြည့်နှစ်က အနုပညာဂီတလောကထဲကို ဝင်ရောက်ခဲ့ပြီး အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းများကို ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။

“ဒီပွဲကတော့ သူငယ်ချင်းတွေ ပြန်လာဆိုရတဲ့ ပွဲမို့ အရမ်းကြည်နူးမိပါတယ်။ ပျော်လည်း ပျော်တယ်။ အဓိက စင်ပေါ်မှာ လုံးဝမဆိုဖူးသေးတဲ့ သီချင်းတွေလည်း ဆိုမယ်။ စင်ပေါ်မှာ တစ်ခါမှ မဆိုဖူးတဲ့ သီချင်းတွေလည်း ဆိုဖြစ်မယ်။ ပရိသတ် တောင်းတဲ့ သီချင်းတွေလည်း ဆိုမှာပါ။ ပရိသတ်အကြိုက်တွေ့စေမယ့် သီချင်းတွေလည်း ပါပါမယ်။ တချို့သီချင်းတွေကို ပုံစံပြောင်း တီးခတ်ဖျော်ဖြေမှာပါ”လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
Next post နစက ဥက္ကဋ္ဌ နှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တို့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများ ဆွေးနွေး