တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ သားသမီးများနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ နစက ဥက္ကဋ္ဌ တက်ရောက် ဆုချီးမြှင့်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားအား ယမန်နေ့ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဆုချီးမြှင့်ခဲ့သည်။

နစက ဥက္ကဋ္ဌက လူရည်ချွန်ဆုရရှိသူ ၅ ဦးနှင့် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၂ ဦးတို့အား လည်းကောင်း နစက ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှက လူရည်ချွန်ဆုရရှိသူ ၅ ဦးနှင့် ၆ ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ ၅ ဦး တို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

နစက ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တပ်မတော်ပညာရေးကျောင်းများမှ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် (၆)ဘာသာဂုဏ်ထူးရရှိသူ ၆၉ ဦး၊ (၅)ဘာသာ ဂုဏ်ထူး ရရှိသူ ၈၀ ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ စစ်သည် ၁ ဦး၊ (၂)ဘာသာ ဂုဏ်ထူးရရှိသူ စစ်သည် ၇ ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ စစ်သည် ၁၃ ဦး၊ လူရည်ချွန် ၃၄ ဦးနှင့် အောင်ချက် အကောင်းဆုံးဖြစ်သည့် တပ်မတော်ပညာရေးကျောင်းများနှင့် တပ်မတော် အခြေခံပညာအထက်တန်း ကျောင်းများမှ တာဝန်ရှိသူများနှင့် အခြားဂုဏ်ထူးရရှိသူများကို ဆုပေးအပ်ချီးမြှင့်ခဲ့သည်။ အခြားဂုဏ်ထူးရရှိသူများနှင့် ပညာသင်ဆု ရရှိသူများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်သား သုံးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၂ ဦး ရှိခဲ့ပြီး တပ်မတော်အခြေခံပညာအထက်တန်းကျောင်းများ၌ တက်ရောက်ခဲ့သူများအနေဖြင့် ခြောက်ဘာဘာသာဂုဏ်ထူးရှင် ၁၇ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၂၆ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၃၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၃၈ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၆၅ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၉၇ ဦးရှိခဲ့သည်။

တပ်မတော်သားများအနေဖြင့် သက်ဆိုင်ရာ တပ်မတော်ပညာရေးကျောင်းများမှ ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်မှု ပျမ်းမျှ ၂၄ ဒသမ ၅၈ ရာခိုင်နှုန်းရှိခဲ့ပြီး တပ်မတော်အခြေခံပညာ အထက်တန်းကျောင်း များအနေဖြင့် အောင်မြင်မှုပျမ်းမျှ ၆၀ ဒသမ ၉၄ ရာခိုင်နှုန်းရှိခဲ့သည်ကို တွေ့ရကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

တပ်မတော်ပညာရေးကျောင်းများအနက် အမှတ်(၂) ပညာရေးကျောင်းသည် အောင်မြင်မှုပျမ်းမျှ ၆၆ ဒသမ ၆၇ ရာခိုင်နှုန်းရှိခဲ့သကဲ့သို့ တပ်မတော် အခြေခံပညာအထက်တန်းကျောင်းများအနက် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း (စစ်တွေ)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(မင်္ဂလာဒုံ) တို့သည်လည်း အောင်မြင်မှုပျမ်းမျှ ၉၅ ရာခိုင်နှုန်းကျော်အထိဖြစ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထိုကဲ့သို့ အောင်မြင်မှုများနှင့် ဂုဏ်ထူးရသူများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူမိကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၅-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ၂၀၂၅ ရွေးကောက်ပွဲမှာ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအတွက် ထွက်ပေါက်မဟုတ်ဘဲ ပြည်သူလူထု တစ်ရပ်လုံးအတွက် အကောင်းမွန်အချောမွေ့ဆုံး ထွက်ပေါက်လမ်းကြောင်းတစ်ခု ဖြစ်သည်ဟု နိုင်ငံရေးပါတီ ၂၇ ခု ပူးတွဲ သဘောထားကြေညာချက် ထုတ်ပြန်