ကာလုံ ကိစ္စရပ်များအတွက်သာ ယာယီသမ္မတအဖြစ် ဆောင်ရွက်ခြင်းဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းဆို

နစကဥက္ကဋ္ဌသည် ကာလုံ ကိစ္စရပ်များအတွက်သာ ယာယီသမ္မတအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း နစက သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

နိုင်ငံတော်၏ အာဏာ ၃ ရပ်လုံးကိုမူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် အစိုးရအဖွဲ့ကသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၄င်းက အသိပေးပြောကြားထားသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၁ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်အာဏာကို ကျင့်သုံးရာမှာ နိုင်ငံတော်သမ္မတအမည်ဖြင့် ဖော်ပြဆောင်ရွက်မှာဖြစ်ပါတယ်။ပုဒ်မ ၄၁၂ (ခ)မှာဆိုရင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖြင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင် များဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးတို့နှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို ထုတ်ပြန်နိုင်သည်ဟု ပြဌာန်းထားကြောင်း၊ ထို့ပြင် ယာယီသမ္မတ၏ ကျန်းမာရေးအခြေအနေအရ ကာလုံ အစည်းအဝေးသို့ မတက်ရောက်နိုင်သည်ဖြစ်စေ၊ အကြောင်း အမျိုးမျိုး ကြောင့် ယာယီသမ္မတလစ်လပ်သွားပါက ပုဒ်မ ၄၁၂ (ခ)ပါသည့် အခြေခံဥပဒေ၏ သဘောထားများအရ နိုင်ငံတော်၏ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိက ဆုံးဖြတ်ပေးရသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ကို ဦးဆောင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏အုပ်ချုပ်ရေးအာဏာကို သမ္မတကိုယ်စားကျင့်သုံး ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ကြောင်း ” ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ထို့အပြင် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ် ကာလမပြီးပြတ်သေးချိန်၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ပါဝင်သည့် ပုဂ္ဂိုလ်အချို့ လစ်လပ်သွားပါက ကျန်ရှိသည့် ပုဂ္ဂိုလ်များက ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်များကို မလွဲမသွေ ဆက်လက်ဆောင်ရွက်သွားရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာကို နစက နှင့် အစိုးရအဖွဲ့ကသာ ပြုလုပ်သွားမည် ဖြစ်ပြီး နစက အနေဖြင့်ရှေ့လုပ်ငန်းစဉ် ဦးတည်ချက်များအတိုင်း မပြောင်းလဲဘဲ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သလို လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေအထွေထွေရွေးကောက်ပွဲကို မလွဲမသွေ ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမြန်လမ်း မိုင်တိုင် ၁၀၉  တွင် Toyota Wish ကားတစ်စီး လမ်းလယ်ကျွန်း သစ်ငုတ်ကို ဝင်တိုက်ကာ တိမ်းမှောက် . နှစ်ဦးဒဏ်ရာရ
Next post (၂၄-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်