၂၀၂၄ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး ဘာသာစုံဂုဏ်ထူးရရှိသူ (၅၀၇)ဦးကို ရွှေစင်ငါးမူးသား ဒင်္ဂါးပြားများနှင့် နိုင်ငံတော်အဆင့် ပထမအကြိမ် ဂုဏ်ပြု ချီးမြှင့်

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင်လ(၂၂)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက “ပညာ ” ဆိုသည်မှာ အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်” ရရှိစေကြောင်း၊ နိုင်ငံသားတိုင်း “အသိဉာဏ်ပညာ” ပြည့်စုံမှသာ နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့် “စစ်မှန်သည့် အင်အား” တစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉) ရပ်ထဲတွင် လူမှုရေး ဦးတည်ချက်တစ်ရပ်အဖြစ် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ကို ထည့်သွင်းချမှတ်ပြီး နိုင်ငံသားတိုင်း ပညာသင်ယူမှု အခွင့်အလမ်းများ သာတူညီမျှရရှိစေရန် ပညာရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယခင်နှစ်များက ယခုကဲ့သို့ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ဦးစီးဌာနအဆင့်ထိသာ ဆုချီးမြှင့်ခဲ့သည်။ ယခုနှစ်တွင် တစ်နိုင်ငံလုံး ဘာသာစုံဂုဏ်ထူးရရှိသူအားလုံးကို “နိုင်ငံတော်အဆင့်” “ပထမအကြိမ်” ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပြီး ဘာသာစုံဂုဏ်ထူးရှင် (၅၀၇)ဦးကို ရွှေစင်ငါးမူးသား ဒင်္ဂါးပြားများနှင့် ထိုက်ထိုက် တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် တွဲအလိုက် ရမှတ်အများဆုံးရရှိခဲ့သည့် ကျောင်းသားများကို ဒေသန္တရဗဟုသုတများရရှိရန်၊ မိမိနိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန် ပြည်တွင်းလေ့လာရေး ခရီးစဉ်သာမက နိုင်ငံတကာအတွေ့အကြုံများရရှိစေရန် ပြည်ပလေ့လာရေးခရီးစဉ်များကိုပါ စေလွှတ်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် မျိုးဆက်သစ်လူငယ်များကို စိတ်ခွန်အားများရရှိပြီး ပညာကိုအစဉ်တစိုက်ကြိုးစားလိုစိတ်များ ပိုမိုပေါ်ထွက်လာအောင် ဂုဏ်ပြုချီးမြှောက်ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း တက္ကသိုလ်ဝင်စာမေးပွဲဘာသာတွဲအလိုက် ရမှတ်အများဆုံးရရှိသူ ကျောင်းသား၊ ကျောင်းသူ(၃၀)ကို ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီး သွားရောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ဆုရကျောင်းသား၊ ကျောင်းသူများအပါအဝင် လူငယ်အားလုံးအနေဖြင့် “အတ္တနှင့်ပရ” မျှတအောင် ပြုမူကျင့်ကြံ နေထိုင်ကြရန် လိုအပ်ကြောင်း၊ မိမိကိုယ်ကိုယ် ကောင်းအောင်ကြိုးစားပြီး ပြည်သူ့အကျိုးပြု၊ တိုင်းပြည်အကျိုးပြု လုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်လိုသည့် စိတ်ကောင်းစေတနာရှိရန် လိုအပ်ကြောင်း၊ ကျောင်းသားလူငယ်များသည် အသိပညာနှင့် အတတ်ပညာကို ဟန်ချက်ညီညီ ထိန်းညှိပြီး မိမိတို့၏ ရည်မှန်းထားသည့်ပန်းတိုင်ကို အရောက်သွားရန် လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကျေးဇူးရှင် ဖခင်ကြီးကိုရည်စူးပြီး သံဃာတော် ၄၄၅ ပါးကို လှူဖွယ်တွေ ဆက်ကပ်လှူဒါန်းခဲ့တဲ့ မန္တလေးသိန်းဇော်
Next post (၂၃-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ