မိဘပံ့ပိုးမှုမပါဘဲ ကမ္ဘာပတ်နေတဲ့ Travel vlogger Chan

မြန်မာ့ရိုးရာသနပ်ခါးကို လိမ်းပြီးတော့ ကမ္ဘာပတ်နေတဲ့ ဒီမိန်းကလေးကို ပရိသတ်တွေ မကြာခဏ မြင်ဖူးကြမှာပါ။ သူ့ကတော့ ချမ်းဖြစ်ပြီး အသက်ကတော့ ၂၂ နှစ်အရွယ်သာရှိပါသေးတယ်။ အသက်၂၂ နှစ်အရွယ်နဲ့ ကမ္ဘာပေါ်က ၄ နိုင်ကို ကိုယ့်အားကိုယ်ကိုးပြီးတော့ ခရီးထွက်နိုင်ခဲ့တဲ့ Travel vlogger တစ်ယောက်လည်းဖြစ်ပါတယ်။ ချမ်းက နိုင်ငံတွေကို ခရီးထွက်နိုင်တာကြောင့် သူ့ကို ချမ်းသာတဲ့မိသားစုကနေ ဆင်းလာတာလားလို့ ထင်ကြသူတွေရှိကြပါတယ်။ တကယ်တော့ချမ်းက ပြည့်စုံတဲ့မိသားစုကနေ မွေးဖွားလာခဲ့တာမဟုတ်ဘဲ သူဖြစ်ချင်တဲ့အရာတွေကို သူကိုယ်တိုင်ပဲ ပုံဖော်ခဲ့ပါတယ်။

ချမ်းက ၇ တန်းလောက်ကတည်းက စပြီးတော့ travel vlogger တစ်ယောက်ဖြစ်ချင်ခဲ့သူပါ။ ဒါပေမယ့် မိဘတွေက ငွေကြေးတွေကို အမြောက်အများမပံ့ပိုးပေးနိုင်ခဲ့ပါဘူး။ ချမ်းက သူ့ရဲ့ရည်မှန်းချက်ကိုတော့ ရအောင် အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ကမ္ဘာပတ်ချင်သူဖြစ်တဲ့အတွက် အင်္ဂလိပ်စာကို သေချာလေ့လာခဲ့ပါတယ်။ ချမ်းက ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာကို သဘောကျတာကြောင့် သူနဲ့တွေ့ရင် အင်္ဂလိပ်လို ပြောနိုင်အောင်လို့ လေ့ကျင့်ခဲ့ပါတယ်။

ရွှေတိဂုံဘုရားကို တစ်ပတ်တစ်ခါသွားပြီး နိုင်ငံခြားသားတွေနဲ့ အင်္ဂလိပ်စကားပြောလေ့ကျင့်ပါတယ်။ ဗိုလ်ချုပ်ဈေးထဲကို သွားပြီးတော့လည်း နိုင်ငံခြားသားတွေနဲ့ စကားပြောပါတယ်။ သူတို့နေထိုင်တဲ့ ဆိပ်ကြီးခနောင်တိုမြို့ကို နိုင်ငံခြားသား တွေလာရင်လည်း စကားပြောပါတယ်။ အဲဒီကနေ ချမ်းက အင်္ဂလိပ်စကားပြောဗီဒီယိုလေးတွေကို ဖန်တီးလာနိုင်ခဲ့ပါတယ်။ အင်္ဂလိပ်စကားပြောဗီဒီယိုလေးတွေနဲ့ သဘာဝအလှအပတွေ၊ အတွေးအခေါ်အယူအဆတွေကို မျှဝေပေးခဲ့ပါတယ်။ ချမ်းက vlog လေးတွေကို စတင်ဖန်တီးတုန်းက ဖုန်းနဲ့သာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ကြိုးစားချင်စိတ်ကြီးမားတဲ့အခါ စိတ်ကူးတွေက တကယ်ပဲအကောင်အထည်ပေါ်လာကြောင်းကို ချမ်းက အလုပ်နဲ့ပဲ ပြောပြသွားခဲ့ပါတယ်။

သူ့ရဲ့ဗီဒီယိုလေးတွေက အကြည်ဓာတ်ကို ပေးတာကြောင့် ကြည့်ရှုသူတွေများလာခဲ့ပါတယ်။ သူ့ရဲ့ဗီဒီယိုလေးတွေက ဒေါ်လာတွေရရှိလာခဲ့ပြီးတော့ မိဘကိုလည်း ထောက်ပံ့လာနိုင်ခဲ့ပါတယ်။ ငွေတွေများများရအောင်လို့ ခရီးတွေများများထွက်ဖို့ လိုအပ်လာခဲ့ပြီး ချမ်းက စင်ကာပူနိုင်ငံကိုခရီးထွက်ခဲ့ပါတယ်။ စင်ကာပူနိုင်ငံမှာ တစ်လနေထိုင်ခဲ့ပြီး vlog လေးတွေ ရိုက်ကူးပါတယ်။

ချမ်းက မိဘတွေရဲ့ငွေကြေးမပါဝင်ဘဲ ဗီဒီယိုတွေကနေ ရတဲ့ဝင်ငွေနဲ့ခရီးထွက်တာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံအပြင် အာမေနီးယား၊ ယူအေအီးနဲ့ ထိုင်းနိုင်ငံတို့ကိုလည်း ခရီးထွက်ပြီးပါပြီ။ ချမ်းက ဥရောပနိုင်ငံတွေကို ခရီးထွက်ချင်သူ ဖြစ်ပြီးတော့ ဒီအတွက်လည်း အလုပ်တွေ ပိုပြီး ကြိုးစားနေပါတယ်။ နိုင်ငံခြားကို ရောက်ပေမယ့်လည်း ချမ်းကတော့ မြန်မာ့ရိုးရာကို မမေ့ဘဲ သနပ်ခါးကို အမြဲလိမ်းတတ်ပါတယ်။ သူ့ရဲ့ဗီဒီယိုလေးတွေကို ကြည့်လိုက်ရင် စိတ်ကြည်လင် သွားစေတာကြောင့် ကြည့်ရှုသူတွေက များသထက် ပိုများလာခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်နဲ့ လေးနိုင်ငံကို ကိုယ်ပိုင်ငွေနဲ့ ခရီးထွက်နိုင်တဲ့ ချမ်းကိုတော့ လူအများက အားကျကြပါတယ်။ ချမ်းက သူ့ရဲ့ကိုယ်ပိုင်ဝင်ငွေနဲ့လည်း မိဘတွေကို ထောက်ပံ့နိုင်ပြီဖြစ်ပါတယ်။ ချမ်းရဲ့အောင်မြင်မှု နောက်ထပ်လူငယ်တွေကိုလည်း ကြိုးစားချင်စိတ်ဖြစ်ပေါ်လာစေပါတယ်။

ပရိသတ်ကြီးရော ချမ်းရဲ့ဗီဒီယိုလေးတွေကို ကြည့်ဖူးပါသလား၊ သူ့ရဲ့ဗီဒီယိုလေးတွေကို သဘောကျရဲ့လားဆိုတာ ပြောပြခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စဉ့်ကူးမြို့အား တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး မိုင်းရှင်းလင်းခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေဟု ထုတ်ပြန်
Next post ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဘုန်းကြီးကျောင်းမှာ မွေးနေ့အလှူပြူလုပ်ခဲ့တဲ့ သရုပ်ဆောင် ဧကရီစုစံ