ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုခံယူနေလျက်ရှိကြောင်း နစက ထုတ်ပြန်

ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုံ့နှေးခြင်းနှင့် အစားအသောက် နည်းခြင်း တို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုပါရဂူကြီးများ ပါဝင်သော ဆေးကုသမှုအဖွဲ့ဖြင့် ပုံမှန် ဆေးကုသမှု ခံယူခဲ့ပါသည်။ ကျန်းမာရေး စစ်ဆေးစမ်းသပ်ချက်များအရ အာရုံကြောများ နှေးကွေး တုံ့ဆိုင်းသည့် ရောဂါ၊ ၎င်းနှင့်ဆက်စပ် ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ ရှိရသည့် အတွက် ၁၅-၄-၂ဝ၂၄ ရက်မှ ၁၉-၄-၂၀၂၄ ရက်အထိ စင်ကာပူနိုင်ငံ၊ Mount Elizabeth Medical Centre တွင် ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာ စစ်ဆေးကုသမှုများခံယူခဲ့ပြီး ၂၇-၅-၂၀၂၄ ရက်မှ ၁၈-၆-၂၀၂၄ရက်အထိ အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ကုတင် ၁၀၀၀) တွင် ဆေးကုသမှုခံယူခဲ့ပါသည်။

ယင်းကာလအတွင်း ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဝဲ၊ ယာ မျက်စိများတွင် ဖြစ်ပွားလျက်ရှိသော အတွင်းတိမ်များကို ခွဲစိတ် ကုသခဲ့ရာ အမြင်အာရုံပြန်လည် ကောင်းမွန်လာခဲ့သော်လည်း အာရုံကြောအားနည်းရောဂါကို ဆက်လက် ခံစားနေရသဖြင့် ၁၈-၆-၂ဝ၂၄ ရက်မှ ၃၀-၇-၂၀၂၄ ရက်အထိ ဆေးခွင့်ယူ၍ နေအိမ်တွင် အထူးဆေးကုသမှု အဖွဲ့၏ အနီးကပ် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိပါသည်။ ၃၀ – ၆ – ၂၀၂၄ ရက်နှင့် ၁၄ – ၇ – ၂ဝ၂၄ ရက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှင့် ( ၈ )ဦး ပါဝင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့် ကျန်းမာရေး စစ်ဆေးမှုကို ပြုလုပ်ခဲ့ရာ ကျန်းမာရေးအခြေအနေမှာ တိုးတက် ကောင်းမွန်လာခြင်းမရှိသေးဘဲ အစားအသောက် စားသုံးခြင်း အပါအဝင် နေ့စဉ်ပုံမှန်သွားလာ လှုပ်ရှားမှု ကို လုပ်ဆောင်နိုင်မှု မရှိသေးသောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံဆောင်ရွက်ပေးမှုဖြင့် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အိန္ဒိယမှ ကင်ဆာကုသစက် ရန်ကုန်ဆေးရုံကြီးသို့ ပေးအပ်
Next post (၁၉-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်