အကြမ်းဖက်သမားများ ဖောက်ခွဲမှုကြောင့် ရထားစက်ခေါင်း နှင့်အတူ လူစီးတွဲ ၂ တွဲ လမ်းချော်ကျမှု ဖြစ်ပွား

အကြမ်းဖက်သမားများ ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား ရထားလမ်းပေါ်တွင် မိုင်းဖောက်ခွဲထားမှုကြောင့် မော်လမြိုင်-ရန်ကုန် လူစီးအမြန်ရထားစက်ခေါင်း နှင့်အတူ လူစီးတွဲ ၂ တွဲ လမ်းချော်ကျမှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မော်လမြိုင်မှ ထွက်ခွာလာသည့် အမှတ်(၈၂) အစုန် မော်လမြိုင်-ရန်ကုန် လူစီးအမြန်ရထားသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၃/၁၇-၁၅ သို့ ယမန်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ် အချိန် ရထားရောက်ရှိဖြတ်သန်းစဉ် အဆိုပါနေရာ၌ ရထားလမ်း မိုင်းပေါက်ကွဲထားခြင်းကြောင့် သံလမ်း ၁ ပေခွဲခန့် ပြတ်တောက်နေသဖြင့် စက်ခေါင်းနှင့်အတူ ရထားတွဲဆိုင်းတွင်ပါရှိသော လူစီးတွဲ ၂ တွဲ လမ်းချော်ကျမှုဖြစ်ပွားခဲ့သည်။

ရထားလမ်းချော်ကျမှုကြောင့် ခရီးသည်နှင့် ဝန်ထမ်းထိခိုက်မှုမရှိဘဲ သိမ်ဆိပ်-ဒုံဝန်း လမ်းပိုင်းအား နံနက် ၁၁ နာရီ ၁၃ မိနစ် တွင် ယာယီပိတ်ထားခဲ့ရသည်။ လမ်းချော်ကျသည့် မော်လမြိုင်မှထွက်ခွာလာသော အမှတ်(၈၂) အစုန် လူစီးအမြန်ရထား ပေါ်တွင် လိုက်ပါလာသည့် ရိုးရိုးတန်းခရီးသည် ၃၁၃ ဦးနှင့် အထက်တန်းခရီးသည် ၁၄၆ ဦး စုစုပေါင်း ၄၅၉ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

လမ်းပိုင်းပိတ်ဆို့မှုကြောင့် ဆက်လက်ထွက်ခွာနိုင်ရေးအတွက် ကျိုက်ထိုတွင် ရောက်ရှိနေသော အမှတ်(၈၁) အဆန်လူစီး အမြန်ရထားသည် ရထားလမ်းချော်ကျသည့်နေရာသို့ ရောက်ရှိပြီး ညနေ ၄ နာရီခွဲတွင် ခရီးသည်များအား ရထားကူးပြောင်း ပြီးစီး၍ ညနေ ၅ နာရီခွဲတွင် အမှတ်(၈၂) အစုန် လူစီးအမြန်ရထားအဖြစ် ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ အမှတ်(၈၁)အဆန် လူစီးအမြန်ရထားမှ ခရီးသည်များဆက်လက်ထွက်ခွာနိုင်ရေးအတွက် လမ်းချော်ကျသော အမှတ်(၈၂)အစုန်တွဲဆိုင်း၏ လမ်းချော်မကျသော တွဲများဖြင့် ခရီးသည်များအား ကူးပြောင်းပြီး ညနေ ၅ နာရီ ၁၅ မိနစ်တွင် သထုံဘူတာဘက်သို့ ဆက်လက်ထွက်ခွာပေးနိုင်ခဲ့သည်။ အဆိုပါခရီးသည်များ အဆင်ပြေစွာဆက်လက်ပို့ဆောင်ပေးနိုင်ရေး အတွက် မော်လမြိုင်တွင်ရှိသော စက်ခေါင်းနှင့် အရန်တွဲဆိုင်းဖြင့် သထုံဘူတာမှ စောင့်ကြိုပြီး အမှတ်(၈၁)အဆန် ရထားအဖြစ် မော်လမြိုင်သို့ ဆက်လက် ပို့ဆောင်ပေးခဲ့ရသည်။

မိုင်းဖောက်ခွဲဖျက်စီးခံရမှုကြောင့် ရထားလမ်းချော်ကျမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေ ဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်း စစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများကလည်း လမ်းချော်ကျသော ရထားစက်ခေါင်းနှင့် လူစီးတွဲ(၂)တွဲအားမတင်၍ လမ်းပိုင်းအားအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း ၂၀၆ ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းခွဲ ဖျက်ဆီးခြင်း ၁၆၆ ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၄၂ ကြိမ် ကျူးလွန်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၈-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဗဟို ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်း