ယူရို-၂၀၂၄ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ စပိန်အသင်း

ဇူလိုင်လ ၁၅ ရက်

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပခဲ့တဲ့ ယူရို ၂၀၂၄ နောက်ဆုံးဗိုလ်လုပွဲမှာ စပိန်က အင်္ဂလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။ စပိန်အတွက်ကတော့ ဒါဟာ ယူရိုဖလားကို စံချိန်တင် လေးကြိမ်မြောက်ရသွားတာပါ။ အင်္ဂလန်ကတော့ နှစ်ကြိမ်ဆက်တိုက် ဗိုလ်လုပွဲတက်နိုင်ခဲ့ပေမဲ့ ဆုဖလားနဲ့ ဝေးမြဲ ဝေးဆဲဖြစ်နေရပါတယ်။

အခုနှစ် ယူရိုပွဲစဥ်တလျှောက် ခြေစွမ်းအကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ စပိန်အသင်းက ပွဲစဥ်တလျှောက်လုံး ခြေအသာနဲ့ကစားသွားခဲ့ပါတယ်။ စပိန်က စူပါစတားလူငယ်ဘောလုံးသမားလေး နှစ်ယောက်ဖြစ်တဲ့ နီကိုဝီလျံနဲ့ ပြီးခဲ့တဲ့ရက်ကမှ ၁၇ နှစ်ပြည့်တဲ့ လာမင်းယာမားတို့နှစ်ယောက်က တောင်ပံနှစ်ဖက်က အကြိမ်ကြိမ်ထိုးဖောက်တာကို အင်္ဂလန်နောက်တန်း အကြိတ်အနယ်ဖျက်ထုတ်ခဲ့ရပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ ပွဲပြီးပါတယ်။

ဒုတိယပိုင်းစကတည်းက စပိန်က အလျင်အမြန်တိုက်စစ်ဆင်ခဲ့တာ ၄၇ မိနစ်မှာပဲ နီကိုဝီလျံက ဘယ်ဖက် ပင်နယ်တီဧရိယာထဲကနေ ကန်သွင်းပြီး ဂိုးရပါတယ်။ အင်္ဂလန်ဘက်က လူစားလဲတာတွေလုပ်ခဲ့ပြီးတဲ့နောက် ပိုပြီးသွက်သွက်လက်လက် ပြန်တိုက်စစ်ဆင်ပါတယ်။ ဒီလိုနဲ့ ၇၃ မိနစ်မှာ ဘယ်လင်ဂန်ချပေးတဲ့ဘောလုံးကို လူစားဝင်လာတဲ့ ကိုးလ်ပါးလ်မားဘယ်ခြေနဲ့ ကန်သွင်းလို့ အင်္ဂလန် ချေပဂိုးရသွားပါတယ်။ အချိန်ပိုကစားရတော့မလားလို့ ထင်နေကြချိန်မှာပဲ ၈၆ မိနစ်အရောက်မှာ စပိန်က အိုယာဇာဘားက အင်္ဂလန်နောက်တန်းကို ဖြတ်ကျော်ပြီး အနီးကပ်သွင်းယူလို့ အနိုင်ဂိုးရသွားပါတယ်။

ယခုပွဲစဥ်တလျှောက် အကောင်းဆုံးလူငယ်ဘောလုံးသမားဆုကို စပိန်က လာမင်းယာမားက ရသွားပြီး အကောင်းဆုံးဘောလုံးသမားဆိုကိုတော့ စပိန် အလယ်တန်းက ရော့ဒရီက ရရှိသွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၅-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ” ရခိုင်ရိုးရာသမက်တက် ” ထိမ်းမြား မင်္ဂလာကျင်းပ ပြုလုပ်ခဲ့တဲ့ အဆိုတော် ရတနာမိုင် တို့စုံတွဲ