ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ဘဏ် တာဝန်ရှိသူများ အဆင့်ဆင့်က အထူးအလေးထား ပူးပေါင်း ဆောင်ရွက်ပေးကြရန် နစက အတွင်းရေးမှူး ပြောကြား

နိုင်ငံပိုင်နှင့်ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တက်ရောက် အမှာစကား ပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး က ဘဏ်များသည် ငွေအပ်နှံသူများ၏အကျိုးစီးပွားကို ကာကွယ်ပေးရန် တာဝန်ရှိသကဲ့သို ငွေကြေးစနစ်တည်ငြိမ်မှု၊ လုံခြုံမှုနှင့် ခိုင်မာမှု ထိန်းသိမ်းရေးကို တစ်ပါတည်းဆောင်ရွက်သွား ကြရန်ဖြစ်ကြောင်း၊ ယင်းအခြေအနေကို ဖြစ်ပေါ် လာစေရေးအတွက် နိုင်ငံတော်အစိုးရ၊ ဗဟိုဘဏ်နှင့် ဘဏ်များပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဘဏ်များ၏လိုအပ်ချက်ကို နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်တို့က ပံ့ပိုးနေသကဲ့သို ဘဏ်များကလည်း နိုင်ငံတကာစံ သတ်မှတ်ချက်များနှင့်အညီ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စည်းစနစ်ဖြင့်ယှဉ်ပြိုင်ခြင်းထက် ကိုယ်ကျိုးစီးပွားကြောင့် လက်ဝါးကြီးအုပ်ခြင်း၊ ဈေးကစားမှုပြုခြင်းများကြောင့် အများပြည်သူ၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်ပေးရမည်ဖြစ်ကာ အလားတူတည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေပါက သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ယခုအခါတွင် သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်မှုများသည် နိုင်ငံတော်၏စီးပွားရေး မူဝါဒများကို ထိပါး လာသည့် အတွက် နိုင်ငံတော် အစိုးရအနေဖြင့် ထိုက်သင့်အားလျော်စွာ ကြီးကြပ်ဆောင်ရွက် ပေးနေပါသည်။ ပြည်သူလူထု အနေဖြင့် လည်း မလိုအပ်ဘဲငွေကြေး အမြောက်အမြား ထုတ်ယူခြင်း၊ ကောလာဟလ သတင်းများအပေါ် စိုးရိမ်စိတ်လွန်ကဲပြီး ထုတ်ယူခြင်းများ မပြုလုပ်ကြရန်လည်း လိုအပ်ပါသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ဘဏ်တာဝန်ရှိသူများ အဆင့်ဆင့်က အထူးအလေးထား ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားလိုပြီး နိုင်ငံတော်အစိုးရ၊ အများပြည်သူနှင့် ဘဏ်များအကြား သုံးဦးသုံးဖလှယ် အကျိုးရှိသည့် Win – Win – Win Situation ရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲဝင်နှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ် များမှ နာယကများ၊ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အာဇာနည်နေ့၌ လမ်းအချို့ကို လမ်းပိတ်/လမ်းလွှဲ ဆောင် ရွက်သွားမည်
Next post ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို TNLA အဖွဲ့က သိမ်းယူပြီးနောက် နေအိမ်များချိပ်ပိတ်ရာ၌ ရှမ်းနှင့် ဗမာ လူမျိုးအများစု၏ နေအိမ်များဖြစ်