ထုံးဘိုမြို့တွင် ဧရာဝတီမြစ်ရေများဝင်ရောက်ကာ နေအိမ် ၃၀ ကျော် ထပ်မံပြောင်းရွှေ့ရ ဟုဆို

စစ်ကိုင်းတိုင်း၊ ထုံးဘိုမြို့ရှိ ရပ်ကွက်အချို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် နေအိမ် ၃၀ ကျော် ထပ်မံပြောင်းရွှေ့ ထားရကြောင်း သိရသည်။ယနေ့နံနက် ၆ နာရီခန့်က ထုံးဘိုမြို့နယ်ကျေးရွာနှင့် ရပ်ကွက်အချို့တွင် ဧရာဝတီမြစ်ရေများ မြင့်တက်လာ၍ နေအိမ် ၃၀ ကျော် ပြောင်းရွှေ့ထားပြီး စားနပ် ရိက္ခာအတွက် အလှူရှင်များလိုအပ်နေကြောင်း သိရသည်။

“မနေ့ကနဲ့ ဒီနေ့နဲ့ကတော့ အိမ်ခြေ ၅၀ ကျော်ကျော်လောက်တော့ရှိမယ်။ ဒီနေ့ထပ်ပေါင်းရင်ပေါ့နော်။ လူဦးရေတော့ အတိကျမသိရသေးဘူး။ ရပ်ကွက်ထဲတွေတော့ ရေကတဖြေးဖြေးဝင်လာပြီဗျ။ စားဖို့သောက်ဖို့ကတော့ လောလောဆယ် ရုန်းကန်လှုပ်ရှားနေကြတာပေါ့နော်။ အလှူရှင်တွေကတော့ မပေါ်သေးဘူးပေါ့နော်။” ဟု ဒေသခံကယ်ဆယ်ရေးအဖွဲ့က ယနေ့ခေတ်သို့ ပြောသည်။

ထုံးဘိုမြို့တွင် ယခုလက်ရှိ ဖြစ်ပေါ်နေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်၊ သွေးလွန်တုတ်ကွေးရောဂါများကို ကြိုတင် ကာကွယ်မှုများပြုလုပ်ထားကြောင်း သိရသည်။ “ကျွန်တော်တို့ကတော့ ကျန်းမာရေအနေနဲ့တော့ အားလုံးဆောင်ရွက်ပေး ပါတယ်ဗျ။ ဒီမှာက ဌာနဆိုင်ရာတွေကနေ သူတို့အတွက်တွေကို ဆေးဝါးနဲ့၊ ဆေးဖြန်းပေးတာတွေရှိတယ်ဗျ၊ မီးသတ်တပ်ဖွဲ့ ကနေလည်း ဆေးဖြန်းတာတွေလုပ်ပေးတယ်ဗျ။ အိမ်သာတွေအတွက်ဆိုရင် စည်ပင်ကနေလုပ်ဆောင်ပေးတာတွေရှိတယ်ဗျ။ ရေကလည်း စိုးရိမ်ရတဲ့အခြေနေထက် နေအိမ်ထဲတွေကိုပါဝင်လာပြီ။” ဟု ဒေသခံကယ်ဆယ်ရေးအဖွဲ့က ယနေ့ခေတ်သို့ ပြောသည်။

စစ်ကိုင်းမြို့ရှိ ကျေးရွာအချို့တွင် ဧရာဝတီမြစ်ရေများဝင်ရောက်လျက်ရှိပြီး သောတပန်၊ ထုံးဘို၊ အေးမြဝတီ၊ တကောင်း စသည့်မြစ်ကမ်းအနီးရှိသည့်နေ ရာများတွင် မြစ်ရေများဝင်ရောက်နေကြောင်း သိရသည်။နိုင်ငံတဝန်းရှိမြစ်အချို့တွင် မြစ်ရေများမြင့်တက်လျက်ရှိပြီး မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူအပါအဝင် မြို့အချို့တွင် လာမည့်နာရီပိုင်းနှင့် ရက်ပိုင်းအတွင်း မြစ်ရေများ စိုးရိမ်ရေမှတ်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦး စီးဌာနမှ ယနေ့နံနက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မကွေးမြို့နယ် ယင်းဆိပ်တံတားတွင် အကြမ်းဖက်များထံ ပို့ဆောင်မည့် ယူနီဖောင်းများနှင့် လက်နက်ခဲယမ်း များ သိမ်းဆည်းရမိ
Next post CaCa Taxi App မိတ်ဆက်ပွဲသို့ တက်ရောက်ခဲ့သော အကယ်ဒမီ ချိုပြုံး၊ မြေးဖြစ်သူ သန့်သီရိမိုး