ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ စပ်ဆေးများ အလွယ်တကူ မသောက်သုံးရန်နှင့် သောက်သုံးပါက အသက်အန္တရာယ်ရှိနိုင် ဟုဆို

လက်ရှိကာလသည် ပြင်းထန်ကာလဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသည့်အတွက် ဆေးဆိုင်များမှ စပ်ဆေးများကို အလွယ်တကူ မသောက်သုံးရန်နှင့် သောက်သုံးပါက အသက်အန္တရာယ်ရှိနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေ၍ စပ်ဆေးများကိုသာ အလွယ်တကူဝယ်ယူသောက်သုံးနေခြင်းနှင့်ပတ်သက်၍ ဆက်သွယ်မေး မြန်းရာတွင် ၎င်းကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“စပ်ဆေးဆိုတာက အရင်တုန်းကတည်းက အသိပေးထားပြီးသားပါ။မသောက် သုံးဖို့ပေါ့။ သူတို့ရောင်းတာက ဆေးအပြည်တွေ။ ဘာဆေးမှန်းမသိနိုင်ဘူး။ FDA ကခွင့်ပြုချက်ရပြီးသားလား၊ မရသေးဘူးလားဆိုတာကို ဆရာဝန်ကပဲသိနိုင်မှာ။ ဒါက အတော်ဆိုးပါတယ်။ ပြီးတော့ဒီရောဂါက အသက်အန္တရာယ်ရှိနိုင်တဲ့ဟာပါ။ ‌ဖြစ်ရင် ဆေးရုံကိုသွားပါ။ ၂၄ နာရီလုံးဝန်ဆောင်မှုပေးပါတယ်။ ပြီးတော့ ရောဂါဖြစ်ပွားတဲ့နေရာ‌တွေမှာလည်း ရွေ့လျားဆေးခန်းတွေဖွင့်ပေးထားပါတယ်။ အထိုင်ဆေးခန်းတွေလည်း ဖွင့်ပေးထားပါတယ်။ သွားရောက်ပြသလို့ရပါတယ်။ ဆေးတွေက အခမဲ့ပါ။” ဟု ၎င်းကပြောသည်။

ဆေးဆိုင်အချို့တွင် ဝမ်းသွားသူများအတွက် စပ်ဆေးများကို ကြိုတင်စပ်ထား၍ ရောင်းချမှုများရှိနေသည်ကို မျက်မြင်တွေ့ရှိချက်များအရ သိရသည်။

” ဒါကပြောရခက်တယ်။ တိုင်းကျန်းမာရေးနဲ့ဆိုင်တာပေါ့။ Demand and Supply ပေါ့။ ဝယ်တဲ့သူရှိလို့ ရောင်းတယ့်သူက ရောင်းတာပေါ့။ ဈေးကွက်စီး ပွားရေးစနစ်တစ်ခုလို ဖြစ်အောင်လုပ်တာ။ ပြောချင်တာက မသောက်သုံးပါနဲ့။ အန္တရာယ် ရှိပါတယ်။ ဒီ ပြင်းထန်ဝမ်းရောဂါဆိုတာဟာ အသက်ဆုံးရှုံးနိုင်တဲ့ရော ဂါပါ။ ဆေးရုံ၊ဆေးခန်းတွေမှာ သွားရောက်ကုသစေ လိုပါတယ်။” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

လတ်တလောတွင် ကာလဝမ်း‌ပျက်ဝမ်းလျှောရောဂါကို ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ သဲကွင်းကျူးကျော်နေရာတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ယင်းနေရာကို အသွားအလာကန့်သတ်ထားသည့် ပုံစံပြုလုပ် ထားကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ငါးဦးရှိပြီး၊ ယင်း ရောဂါပိုးဖြင့် သေဆုံးသူလူနာမရှိကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇူလိုင် ၆ ရက်၊ ညပိုင်းက နိုင်ငံပိုင်မီဒီယာသို့ ပြောကြားထားသည်။

ထို့ပြင် နောက်ဆက်တွဲဆေးရုံတက်ရသည့် လူနာအခြေအနေများနှင့်ပတ်သက်၍ ကျန်းမာရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက် နေဆဲဖြစ်သည့်အတွက် စာရင်းအ တိအကျမသိရသေးကြောင်း သိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါသည် မိုးဦးကာလတွင် ဖြစ်ပွားတတ်သည့်ရောဂါမျိုးဖြစ်ကာ ရောဂါနှင်ပတ်သက်၍ သတိပြုဖွယ်ရာများကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လှုံ့ဆော်စာများထုတ်ပြန်လျက်ရှိကြောင်း၊ ယင်းလှုံ့ဆော်စာများတိုက် တွန်းချက်များကို သေချာဖတ်၍ ကြိုတင်ကာကွယ်ခြင်းနှင့် ကြိုတင်၍တာဆီး လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောလက္ခဏာရှိသည်ဟု သံသယရှိပါက နီးစပ်ရာကျန်း မာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်ပြသရန် ကျန်းမာရေးဝန် ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရေးအတွက် ယင်နားစာစသည့် မသန့်ရှင်းသည့် အစားအစာများကို မသုံးစွဲခြင်း၊ FDA အသိအမှတ်ပြု သောက်ရေသန့် သို့မဟုတ် ရေသန့်စင်ဆေးပြား အသုံးပြုပြီး သန့်စင်ထားသည့် ရေ သို့မဟုတ် ဆူပွက်အောင်ကျိုချက်ထားသည့်ရေ စသည့်သန့်ရှင်းသည့်ရေကိုသာ သောက်သုံးသင့်ကြောင်း၊ ထို့ပြင် အစားအစာများကို မစားသုံးမီနှင့် အိမ်သာမှအထွက်တွင် လက်ကိုဆပ်ပြာနှင့်ရေအသုံးပြုပြီး စနစ်တကျသန့်စင်ဆေး ကြောခြင်း၊ သန့်ရှင်းသည့် ယင်လုံအိမ်သာ သို့မဟုတ် ယင်လုံသည့် မိလ္လာကန်ကို အသုံးပြုခြင်း၊ ယင်ကောင်ပေါက်ဖွားမှု နည်းပါးစေရေးအတွက် စားကြွင်း၊ စားကျန်များအပါအဝင် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၈-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post မကွေးမြို့နယ် ယင်းဆိပ်တံတားတွင် အကြမ်းဖက်များထံ ပို့ဆောင်မည့် ယူနီဖောင်းများနှင့် လက်နက်ခဲယမ်း များ သိမ်းဆည်းရမိ