တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် တရုတ် သံအမတ်ကြီးက နစက ဥက္ကဋ္ဌ အားသွားရောက် တွေ့ဆုံ

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့ ဇူလိုင် (၄)ရက် နံနက်ပိုင်းက နစကဥက္ကဋ္ဌက လက်ခံတွေ့ဆုံခဲ့‌ကြောင်း သိရသည်။ နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်နှင့် မြန်မာနိုင်ငံတို့သည် မဟာ ဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများ အပြန်အလှန်သွားရောက်မှု အခြေအနေများ၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုနှင့် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်နေမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန် ရှိသူတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၅-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post လားရှိုးမြို့ဒေသခံများ မော်တော်ယာဉ်များတွင် အလံဖြူ ထောင်ကာ အခြားဒေသများသို့ ‌ပြောင်းရွှေ့