အမျိုးသမီးများ၏ ပညာရေးကဏ္ဍ ယခုထက်ပိုပြီး မြင့်မား လာစေရန်အတွက် အလေးထားဆောင်ရွက်ပေးရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

အမျိုးသမီးများ၏ ပညာရေးကဏ္ဍ ယခုထက်ပိုပြီး မြင့်မားလာစေရေးကိုလည်း အလေးထားဆောင်ရွက်ပေးကြရန် မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းမှာကြားလိုက်သည်။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်အထက် လူဦးရေ ၄၆ ဒသမ ၄၆၃ သန်းရှိပြီး နိုင်ငံတစ်ဝန်း ကျောင်းလုံးဝမနေဖူးသူအဖြစ် အမျိုးသား ၁၀၀ မှာ ၆ ဒသမ ၅ ဦး၏ အမျိုးသမီး ၁၀၀ မှာ ၉ ဒသမ ၄ ဦးရှိကြောင်း တွေ့ရှိရကြောင်း၊ အသက် ၂၅ နှစ်နှင့်အထက် လူဦးရေ၏ အမြင့်ဆုံးအောင်မြင်ပြီးစီးခဲ့သည့် အတန်းပညာကို စစ်တမ်းကောက်ယူခဲ့ရာ မူလတန်းအဆင့်တွင် အမျိုးသား ၄၂ ဒသမ ၃ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၁ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့်တွင် အမျိုးသား ၂၅ ဒသမ ၂ ရာခိုင် နှုန်း၊ အမျိုးသမီး ၁၈ ဒသမ ၈ ရာခိုင်နှုန်း၊ အထက်တန်းအဆင့်တွင် အမျိုးသား ၁၅ ဒသမ ၂ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၁ ဒသမ ၇ ရာခိုင်နှုန်း ရှိပြီး တက္ကသိုလ်ဘွဲ့ရအဆင့်တွင် အမျိုးသား ၉ ဒသမ ၇ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၂ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

“ဒါဟာ ပညာရေးကွင်းဆက်တစ်လျှောက်မှာ ကျောင်းထွက်မှုနှုန်းများပြီး ပညာတတ်သူနည်းပါးလာမယ့် အခြေအနေ ဖြစ်တဲ့အတွက် ပညာရေး မြှင့်တင်မှုလုပ်ငန်းတွေကို အလေးထားဆောင်ရွက်ပေးလျက်ရှိနေ ပါတယ်။ အမျိုးသမီးများရဲ့ ပညာရေးကဏ္ဍ ယခုထက်ပိုပြီး မြင့်မားလာစေရေးကိုလည်း အလေးထား ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ပညာရေးကဏ္ဍတွင် ကျောင်းပညာတက်ရောက်သင်ကြားနေသူ အခြေခံပညာကဏ္ဍတွင် အမျိုးသမီး ၅၀.၇၆ ရာခိုင်နှုန်း၊ အဆင့်မြင့်ပညာတွင် ၆၃.၆၀ ရာခိုင်နှုန်း၊ သိပ္ပံနှင့်နည်းပညာမှာ ၄၇.၁၉ ရာခိုင်နှုန်း၊ ဆေးနှင့် နှီးနွှယ်ပညာတွင် ၇၀.၄၄ ရာခိုင်နှုန်း ပညာသင်ကြားနေသည်ကို တွေ့ရှိရပြီး ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူမှာ ၆၄.၃၁ ရာခိုင်နှုန်းက အမျိုးသမီးများဖြစ်ကြသည်ကို တွေ့ရကြောင်း၊ သင်ကြားရေး တာဝန်ထမ်းဆောင်နေသူများကြည့်ပါက အမျိုးသမီးများ အနေနှင့် အခြေခံပညာတွင် ၈၃.၆၉ ရာခိုင်နှုန်း၊ အဆင့်မြင့်ပညာမှာ ၈၇.၈၉ ရာခိုင်နှုန်း၊ သိပ္ပံနှင့်နည်းပညာတွင် ၈၆.၂၃ ရာခိုင်နှုန်း၊ ဆေးနဲ့နှီးနွှယ်ပညာမှာ ၈၀.၃၉ ရာခိုင်နှုန်း သင်ကြားရေး တာဝန်ထမ်းဆောင်နေသည့်အတွက် အမျိုးသမီးများ ပါဝင်မှုပမာဏကြီး မားကြောင်း တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

ဒေသအလိုက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေမှာ ကွာခြားချက် မကြီးမားစေရေးအတွက် အတတ်ပညာတတ်မြောက်ပြီး အသိပညာပြည့်စုံသည့် ပညာတတ်များပေါများရန် လည်းလိုအပ်ကြောင်း၊ အတန်းပညာရှိ မှအသိပညာနှင့် အတတ်ပညာရရန် လွယ်ကူမည်ဖြစ်ပြီး လူငယ်များမိမိခြေထောက်ပေါ် ရပ်တည်နိုင်စေရန်အတွက် အသိပညာများ၊ အတတ်ပညာများ သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ဥပဒေနှင့်အညီ အပြည့် အဝကာကွယ်စောင့်ရှောက်ပေးနိုင်ရန်နှင့် အကြမ်းဖက်မှုကျူးလွန်သူကို ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင် ရန်အတွက် တည်ဆဲဥပဒေများနှင့်အညီ အလေးထားဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၄-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၅-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်