လာမည့် အထွေထွေရွေးကောက်ပွဲတွင် FPTP စနစ်အပြင် PR စနစ်၊ EVM စနစ်တို့ဖြင့်လည်း မဲပေးရမည်


လာမည့် အထွေထွေရွေးကောက်ပွဲတွင် ကျင့်သုံးနေကျဖြစ်သည့် FPTP စနစ်အပြင် PR စနစ်ကိုပါ အသုံးပြုသွားမည်ဖြစ်၍ မဲလက်မှတ် (Ballot) ဖြင့် မဲထည့်ခြင်းအပြင် အချို့မဲဆန္ဒနယ်များတွင် EVM ဟု ခေါ်သည့် အီလက်ထရောနစ် မဲပေးစက်ဖြင့်လည်း မဲပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

ဇူလိုင် (၁) ရက်နေ့က တည်းခိုရေးစခန်း(ရွာတော်)ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (တတိယအကြိမ်) တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု အနေဖြင့် စာရင်းများကို မြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲခြင်း စနစ် (Admin and DEO Software) နှင့် ဗဟိုမဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS) တို့ကို အသုံးပြုပြီး မြို့နယ်အလိုက် မဲရုံတစ်ခုချင်းစီအထိ စာရင်းထည့်သွင်းခြင်းကို ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ တတိယမူကြမ်းကို ထပ်မံပေးပို့ လာပြီ ဖြစ်သည့်အတွက် အလားတူ စာရင်းထည့်သွင်းရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာ၌ မဲစာရင်းမှန်ကန်ရေးပြင်ဆင်မှုကို ဦးစားပေးလုပ်ဆောင်နေကြောင်းလည်း ၎င်းက ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှဝန်ထမ်းများ တက်ရောက်ကြပြီး ဇူလိုင် ၁ ရက်မှ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ