မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အီရန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတို့ တီဟီရန်မြို့၌ သီးသန့်တွေ့ဆုံ

(၁၉) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သို့ ပါဝင်တက်ရောက်ရန် တီဟီရန်မြို့သို့ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် အေစီဒီလက်ရှိဥက္ကဋ္ဌလည်းဖြစ်၊ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်သည့် ဒေါက်တာ အလီဘာဂယ်ရီကာနီနှင့် ဇွန်လ ၂၃ ရက် ဒေသစံတော်ချိန် ၁၀၀၀ နာရီတွင် တီဟီရန်မြို့၌ သီးခြား တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။ 

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေ များကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။ 

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် မြန်မာ-အီရန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မာစေရေး၊ အေစီဒီအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီး ဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့သည်။ 

(၁၉) ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ အေစီဒီ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ဇွန်လ ၂၃ ရက်နေ့က တီဟီရန်မြို့၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒုတိယကိုယ်ဝန်လွယ်ထားရတဲ့ အဆိုတော် စန္ဒီမြင့်လွင်
Next post မန္တလေးမြို့၌ ICON KTV မီးလောင်