ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မခင်မျိုးဌေး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မခင်မျိုးဌေးအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည် ပို့ဆောင် နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ယူအေအီးနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာပြည်နယ်ရဲတပ်ဖွဲ့နှင့် လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံသား အကျိုးစီးပွားမြှင့်တင်ရေးဝန်ကြီးဌာနတို့မှ အာဏာပိုင်များနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ပြန်လည်ထွက်ခွာခွင့်(Exit Permit)ရရှိခဲ့၍ ရန်ကုန်မြို့သို့ အဆင်ပြေချောမွေ့ စွာ ရောက်ရှိခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံသူ မခင်မျိုးဌေးသည် ဇွန်လ(၅)ရက်နေ့၌ ဒူဘိုင်းမြို့မှ ဒေသစံတော်ချိန် မွန်းလွဲ(၂)နာရီတွင် လေကြောင်းခရီးစဉ် ဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ဇွန်လ(၆)ရက်နေ့၊ ည(၁၀)နာရီတွင် ရောက်ရှိခဲ့သည်။

မခင်မျိုးဌေးသည် မြန်မာနိုင်ငံမှ ဒူဘိုင်းမြို့သို့ လွန်ခဲ့သောရှစ်(၈)လဝန်းကျင်ခန့်ကရောက်ရှိခဲ့ပြီး ပွဲစားများ၏ အေဂျင်စီရုံး အဆင့်ဆင့်သို့ လက်လွှဲမှုကိုခံခဲ့ရ၍ နောက်ဆုံးတွင် ဒူဘိုင်းမြို့ရှိ မြန်မာနိုင်ငံသားတစ်ဦး ဖွင့်လှစ်ထားသည့်အဆောင်တွင် မြန်မာနိုင်ငံသို့ မပြန်မီအတွင်း နေထိုင်ခဲ့ရသည်။

ထိုနိုင်ငံ၌ အလုပ်လုပ်ကိုင်စဉ် အလုပ်ရှင်နှင့် အဆင်မပြေမှုတို့တွင် မြန်မာပွဲစားများက တာဝန်ယူဖြေရှင်းပေးမှုမရှိသည့်အပြင် ဒူဘိုင်းအေဂျင်စီရုံးနှင့် အလုပ်ရှင်တို့က နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားခြင်း၊ ပွဲစားများက အေဂျင်စီရုံး အဆင့်ဆင့် သို့ လက်လွှဲအသုံးချခြင်းတို့ကို ကြုံတွေ့နေရသည်ဟု သိရသည်။

ယူအေအီးနိုင်ငံတွင် အခက်အခဲများ ကြုံတွေ့ရသူတို့သည် ထိုနိုင်ငံသို့အလည်အပတ် (Visit visa) ဖြင့် ရောက်ရှိခဲ့ကြပြီး ရန်ကုန်မြို့ရှိပွဲစားများနှင့် ဒူဘိုင်းမြို့ရှိပွဲစားများချိတ်ဆက် ဆောင်ရွက်မှုဖြင့် အလုပ်လုပ်ကိုင်ကြခြင်းဖြစ်သည်။ အလုပ်အကိုင် ပါမစ်ဖြင့် သွားရောက်ခြင်းမျိုးမဟုတ်သည့်အတွက် ပွဲစားများနှင့် အလုပ်ရှင်တို့၏ ခေါင်းပုံဖြတ်မှုကို ခံကြရလေ့ရှိပြီး ဘာသာ စကား၊ ယဉ်ကျေးမှု၊ အစားအသောက်နှင့် လုပ်ငန်းခွင်အခက်အခဲတို့ကြောင့် ထိုနိုင်ငံတွင် အခက်အခဲများစွာ ကြုံတွေ့ရခြင်း ဖြစ်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၁)ကြိမ်မြောက် Miss Universe Myanmar 2024 Crown ကို လိပ်ပြာပျံနေသည့် ဒီဇိုင်းဖြင့် ပုံဖော်ထား
Next post Miss Universe Myanmar 2024 ဆုကို Thet San Andersen ကဆွတ်ခူးရရှိ