ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်မငြိမ် ဖြစ်အောင် ပြုလုပ်နေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူ

နာမည်ကြီး ရွှေဆိုင်များဖြစ်တဲ့ အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန် ရွှေဆိုင်ပိုင်ရှင်များအပါအဝင် ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေသူ ၂၁ ဦးကို ဖော်ထုတ်ဖမ်းဆီးအရေးယူထားရာကနေ နောက်ကွယ်မှခိုင်းစေသူ တရားခံ ၁၀ ကိုဖော်ထုတ်နိုင်ခဲ့တယ်လို့ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသားများအနေဖြင့် နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အနှောင့်အယှက် အဟန့်အတားဖြစ်စေရန် ရည်ရွယ်ပြီး ပြည်တွင်းရွှေဈေးကွက်အတွင်အရောင်းအဝယ်တစ်ကယ်မဖြစ်တဲ့ လေပတ်ကား ရွှေဈေးနှုန်းများကို လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ချိကာ ရွှေဈေးနှုန်းများကို ဈေးကစားပြီး နိုင်ငံ့စီးပွားရေးမငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိတာကြောင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများကဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက် ရှိသည့် တရားမဝင်ရွှေအရောင်းအဝယ် ပြုလုပ်နေတဲ့ပွဲစားများအပါအဝင် စုစုပေါင်း တရားခံ ၂၁ ဦးအား ဖော်ထုတ်ဖမ်းဆီးစစ်ဆေးလျက်ရှိပါတယ်။ ၎င်းတို့ရဲ့ထွက်ဆိုချက်များအရ ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည် မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိတဲ့စိန်ကျော်မိုးရွှေဆိုင်မှာ ဦးကျော်ငြိမ်း၊ အကယ်ဒမီရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူဝင်း၊ ခရမ်းသုံးခွရွှေဆိုင်မှ ဦးသက်နောင်ဝင်း၊ ဇွဲထက်ရွှေဆိုင်မှ ဦးဆန်းဝင်း၊ အောင်သမာဓိရွှေဆိုင်မှ ဦးအောင်ဆန်းဝင်း၊ ဝိန့်စိန်ရွှေဆိုင်မှ ဦးအောင်ကောင်းမြတ်၊ ရွှေဇင်ဝင်းရွှေသန့်စင်လုပ်ငန်းမှ ဦးအေးကြူနှင့် ပွဲစားများဖြစ်သော ဦးကျော်ဝင်း()ပန်းသီး၊ ဦးညီညီဦး () ချက်ကြီးနှင့် ဒေါ်တင်တင်ခိုင်() စန္ဒာတင်တို့ တရားခံ ၁၀ ဦးအား ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့ရာ ၎င်းတို့မှာတရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများရဲ့ဖမ်းဆီးခြင်းမခံရစေရန် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ထိုကဲ့သို့ ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင် ရွှေအရောင်းအဝယ်ပြုလုပ်နေသည့်ပွဲစားများ အပါအဝင် ဖမ်းဆီးရမိတရားခံ စုစုပေါင်း ၂၁ ဦးအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ထို့အပြင် ထွက်ပြေးတိမ်းရှောင်လျက်ရှိတဲ့တရားခံ ၁၀ ဦးအားလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မိဘ ပြည်သူများအနေဖြင့် အဆိုပါထွက်ပြေး တိမ်းရှောင်နေသည့်တရားခံများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာသတင်းပေးပို့ နိုင်တယ်လို့ အသိပေး သတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၃-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်