မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ဈာပနကို ပင့်သံဃာ (၁၀၈)ပါးဖြင့် မေလ ၉ ရက်နေ့တွင် ကျင်းပမည်

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ဈာပနကို ပင့်သံဃာ(၁၀၈)ပါးဖြင့် လာမည့် မေလ ၉ ရက်နေ့တွင် စတင်ကျင်းပသွားမည် ဖြစ်ကြောင်း ဆရာတော်ကြီး၏တပည့်ကပ္ပိယများထံမှ သိရပါတယ်။ ဆရာ‌တော်ကြီး၏ အန္တိမအဂ္ဂိဈာပနကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဉေယျဓမ်တောရတွင် မေလ ၉ ရက်နေ့နှင့် ၁၀ ရက်တို့တွင် (၂)ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။

“ဆရာတော်ကြီးရဲ့ ဈာပနကိုတော့ လာမယ့် ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့ (၂)ရက်လုပ်မှာပါ။ ပင့်သံဃာ(၁၀၈)ပါးပင့်မှာပါ။ ဆရာ‌တော်ကြီး ခန္ဓာဝန်ချခဲ့တဲ့ ဉေယျဓမ်တောရမှာပဲ လုပ်မှာပါ” ဟု ဆရာတော်ကြီး၏ ကပ္ပိယတစ်ဦးက ပြောပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား မီးမပူဇော်ဘဲ စံကျောင်းဖြင့် ပူဇော်သွားမည်ဖြစ်ပြီး အဆိုပါစံကျောင်းကို ဆရာတော်ကြီး ပျံလွန်တော်မမူမီက မိန့်ကြားခဲ့သည့် ဉေယျဓမ်တောရ၏ အင်္ဂါထောင့်တွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆရာတော်ကြီးရဲ့မိန့်ကြားချက်ထဲမှာ ပါတဲ့အတိုင်း ဉေယျဓမ်တောရရဲ့ အင်္ဂါထောင့်မှာဆောက်မှာပါ။ အကုန်လုံးလဲ တိုင်ပင်ပြီးပါပြီ။ ဉေယျဓမ်တောရရဲ့ အင်္ဂါထောင့်မှာ ဆရာတော်ကြီးကျောက်တိုင်စိုက်ထားခဲ့တာရှိတယ်။ အဲဒီနေရာမှာပဲ ဆောက်မှာ။ ၆ လလောက်တော့ ကြာပါမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးသည် ပြီးခဲ့သည့် ဧပြီ(၃၀)ရက်၊ နေ့လည် (၁)နာရီ (၁၀)မိနစ်အချိန်ခန့်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မလည်တိုက်နယ်၊ ဉေယျဓမ်တောရတွင် သီတင်းသုံးတော်မူနေစဉ် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၈၃ နှစ်ရှိပြီဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၈-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်