မာလီနိုင်ငံသား တိုက်စစ်မှူး အီမန်နူရယ်ဆန်နိုဂို ကို ၁ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

၂၀၂၄ ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် စတုတ္ထမြောက် ပြည်ပကစားသမားခေါ်ယူမှုအဖြစ် အယ်လ်နာဂျမာအသင်းမှ မာလီနိုင်ငံသားတိုက်စစ်မှူး အီမန်နူရယ်ဆန်နိုဂို ကို ၁ နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့သည်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သည့် တိုက်စစ်မှူး အီမန်နူရယ်ဆန်နိုဂို သည် အရပ် ၆ ပေ ရှိသူဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၁၅ ခုနှစ်တွင် မာလီကလပ် ဘမာကို အသင်းနှင့် စတင်ခဲ့သူ ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ဆော်ဒီဒုတိယတန်းကလပ် အယ်လ်ကောကပ် အသင်းကို ပြောင်းရွှေ့ခဲ့ကာ ၂၀၁၇ ခုနှစ်တွင်မော်ရိုကို ဒုတိယတန်းကလပ် တဲမရား အသင်း ၊ ၂၀၁၈ ခုနှစ်တွင် အီသီယိုးပီးယားကလပ် ကော်ဖီအသင်း၊ ၂၀၁၉ ခုနှစ်တွင် ဘမာကိုအသင်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ်တွင် ဖူကျူရိုကင်း၊ ၂၀၂၁ ခုနှစ်တွင် ဂိုရီလာ အသင်းတို့တွင်ကစား ခဲ့သည်။

တောက်လျှောက်ခြေစွမ်းကစားခဲ့သည့် အီမာနျုရယ် ကို ၂၀၂၂/၂၀၂၃ ဘောလုံးရာသီတွင် လစ်ဗျားကလပ် အယ်လ်နာဂျမာ အသင်းကခေါ်ယူခဲ့ပြီး တစ်ရာသီအတွင်း ၁၂ ဂိုး သွင်းယူထားကာ ယခု ၂၀၂၄ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းကို ‌ရောက်ရှိလာသည်နှင့်ပတ်သတ်ပြီး အီမန်နူရယ် ဆန်နိုဂို က “အသင်းကြီး တစ်သင်းက ခေါ်ယူခဲ့တဲ့ အတွက် အလွန်ပင် ပျော်ရွှင်မိပါတယ်၊ အသင်းရဲ့ လေ့ကျင့်မှုတွေမှာ အကောင်းဆုံးပါဝင်သွားမှာပါ၊ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ရိုးရှင်းပါတယ်၊ ဂိုးများများသွင်းချင်တယ်၊ အသင်းဖော်တွေကို ဖန်တီးပေးမှုတွေ အများကြီး ပြုလုပ်ပေးချင်ပါတယ်၊ ဒါမှ ကျွန်တော်တို့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာပါ” ဟု ပြောကြား ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မိုင်းကိုင်မြို့နယ်၌ (၂၈)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲတွင် သံဃာပေါင်း (၇၉၁)ပါး ကြွရောက်ဆွမ်းခံ
Next post British Academy Film Awards မှာ အကောင်းဆုံး ဇာတ်ကားဆုအပါအဝင် ဆု ၇ ဆုကို Oppenheimer ဇာတ်ကား ဆွတ်ခူး