စိတ်လှုပ်ရှားမှုပေါင်းစုံ ခံစားနေရကြောင်း ဆင်နာ ဖွင့်ဟ
ဩစတြေးလျအိုးပင်းမှာ အနိုင်ရခဲ့ပြီးနောက် ကစားသမားဘဝ ပထမဆုံးဂရင်းစလမ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အီတလီနိုင်ငံသား ဆင်နာက အခုချိန်မှာ စိတ်လှုပ်ရှားမှုပေါင်းစုံ ခံစားနေရတယ်လို့ ပြောခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဆင်နာဟာ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ပြိုင်ဘက် မက်ဗီဒက်ဗ်ကို အနိုင်ရခဲ့ပြီး ၂၀၀၈ နောက် ပိုင်း အသက်အငယ်ဆုံး ဩစတြေးလျအိုးပင်းချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၉ ရက် က ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းပါ့ခ်မှာ ဩစတြေးလျအိုးပင်းချန်ပီယံဆုနဲ့အတူ ဓာတ်ပုံ အရိုက်ခံနေချိန်မှာ ဆင်နာက သူ့ရဲ့ခံစားချက်ကို ပြောသွားခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ နှစ်စကို ဂရင်းစလမ် ချန်ပီယံဆုနဲ့ စဖွင့်နိုင်ခဲ့သလို လာမယ့် ဂရင်းစလမ်ပြိုင်ပွဲတွေမှာလည်း ရလဒ်ကောင်းရဖို့ ကြိုးစားသွားမယ်လို့ ဆင်နာက ပြောပါတယ်။
ဂရင်းစလမ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုရဖို့ဆိုတာက ကြိုးစားအားထုတ်မှု ကောင်းဖို့လိုအပ်သလို ကံလည်းကောင်းဖို့ လည်း လိုအပ်တာကြောင့် အကောင်းဆုံးဖြစ်ဖို့ ပြင်ဆင်သွားမယ်လို့ ဆင်နာက ပြောသွားခဲ့ပါတယ်။ တနင်္ဂနွေ နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲမှာ ဆင်နာဟာ မက်ဗီဒက်ဗ်ကို ၄ နာရီနီးပါး အကြိတ်အနယ်ကစားခဲ့ပြီးမှ အနိုင်ရ ခဲ့ပြီး ဩစတြေးလျ အိုးပင်း ချန်ပီယံဆုကို ရရှိခဲ့တာဖြစ်ပါတယ်။