၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို လာမယ့်နှစ် ဖေဖော်ဝါရီလအတွင်း နေပြည်တော်မှာ ကျင်းပမယ်လို့ ပြန်ကြားရေး၀န်ကြီး ပြောကြား

၁၀၃ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားနဲ့ ၄၆ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ယနေ့ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဗဟိုမှာ စည်း ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ပြန်ကြားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမောင်မောင်အုန်း တက်ရောက် ခဲ့ပြီး လာမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို နေပြည်တော် မှာ ကျင်းပမယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ဒီနှစ်သက်ကြီးပူဇော်ပွဲမှာ အနုပညာရှင်တွေ အားလုံး နီးပါးတက်ရောက်တဲ့အတွက် ရင်ထဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဒီရုပ်ရှင်သက်တမ်းကာလ တစ်လျှောက်မှာ ဒီနေ့စင်ပေါ်မှာ အပူဇော်ခံသက်ကြီးပညာရှင်များဟာ နိုင်ငံ့အကျိုး၊ ဒေသအကျိုး၊ ပြည်သူ့အကျိုးကို အနုပညာစွမ်းအားနဲ့ စွမ်းဆောင်ခဲ့တဲ့သူတွေဖြစ်တယ်။ ရိုသေ လေးစားစွာ ဂုဏ်ယူကန်တော့ပါကြောင်း နိုင်ငံတော်ကိုယ်စား ပြောကြားလိုပါတယ်။ အခုဆိုရင် ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်နဲ့တကွ အနုပညာနယ်ပယ်ကလည်း ကိုဗစ်ကြောင့်၊ နိုင်ငံတော်မှာ ဖြစ်ပေါ်တဲ့ အရေးအခင်းကြောင့် တုံ့ဆိုင်းပြိုကွဲလုနီးပါးဖြစ်ခဲ့ရတယ်။ ယနေ့မှာတော့ ပုံမှန်နီးပါးပြန်ရောက်လာပြီလို့ ပြောရမှာဖြစ်ပါတယ်။ တချို့ဆိုရင် ကျွန်တော်ကြားရတာ ပုံမှန်ထက် ပိုပြီးတောင်အနုပညာကို ငတ်မွတ်နေတဲ့ ပြည်သူတွေ တောင်းဆိုချက်အရ အနုပညာရှင်အားလုံး အရင်ထက်ပိုလုပ်ကိုင်နေရတယ်လို့ သိရလို့ အင်မတန်မှ ဝမ်းသာတယ်။ မေတ္တာငတ်နေတဲ့ ပြည်သူတွေကို မေတ္တာတွေပေးနိုင်ပါစေလို့လည်း ကျွန်တော် ပြောကြား လိုပါတယ်။ မကြာမီမှာလည်း ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်မြှင့်တင်ဖို့အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲ အခမ်းအနားလည်း ဆောင်ရွက်ဖို့ ရှိပါတယ်။ နှစ်စဥ်ပြုလုပ်နေကြဖြစ်တဲ့ ဖေဖော်ဝါရီလမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီအခမ်းအနားကို မနှစ်ကလို နေပြည်တော်မှာ ကျင်းပဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ ညှိနှိုင်းနေပါတယ် ”လို့ ပြန်ကြားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမောင်မောင်အုန်းကပြောပါတယ်။

ဒီအခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး နိဗ္ဗာန်ဈေး ဆိုင်ခန်းတွေကို လှည့်လည် ကြည့်ရှုအားပေးခဲ့ပါတယ်။

(၄၆)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လှူဒါန်းငွေကျပ်သိန်း ၁၀၀ ကို ပြန်ကြားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမောင်မောင်အုန်းက ပြန်လည် လှူဒါန်းပေးခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကကြီး ဦးအောင်လွင်က လက်ခံရယူခဲ့ပါတယ်။

ဒါ့အပြင် ပြန်ကြားရေး၀န်ကြီးဌာနက ငွေကျပ် သိန်း ၂၀ လှူဒါန်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစိုးသိန်းက ငွေကျပ် သိန်း ၁၅၀ လှူဒါန်းခဲ့တာကိုလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကိုယ်စား ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက လက်ခံရယူခဲ့ပါတယ်။

တက်ရောက်လာတဲ့သက်ကြီး ကန်တော့ခံတွေကတော့ အကယ်ဒမီ ပန်းချီစိုးမိုး ၊ အကယ်ဒမီ ဦးကြည်စိုးထွန်း ၊ ဦးအောင်လွင် ၊ ဒေါ်မြင့်မြင့်ခင်၊ ဦးဌေးအောင် ‌၊ အကယ်ဒမီ ဒေါ်နွဲ့နွဲ့စန်း ၊ အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေ ၊ ဦး‌နှင်းမိုး၊ အကယ်ဒမီ ဦးထွန်းထွန်းဝင်း၊ အကယ်ဒမီ ငြိမ်းမင်း၊ အကယ်ဒမီ ဒေါ်မြတ်မွန်၊ အကယ်ဒမီ ဒေါ်ထား ထား၊ အကယ်ဒမီ ဒေါ်မြင့်မြင့်ခိုင်၊ အကယ်ဒမီ ချိုပြုံး၊ မင်းသားကြီး ပဲခူးဦးသန်းအောင်၊ မင်းသားကြီး ဦးခင် မောင်ချင်း၊ မင်းသမီးကြီး ဒေါ်ပုလဲ၊ ဒေါ်စမ်းစမ်းဝင်း၊ စီစဉ်သူ မောင်စိမ်းနွယ်၊ မောင်သန်းဝင်း၊ ဦးဇော်မှိုင်း၊ ဇာတ်ညွှန်း ဦးချစ်သန်းမြင့်၊ ဦးမြင့်၊ သမန်းကျား၊ ဒေါ်ဖြိုး၊ အကယ်ဒမီ နေအောင်၊ လူကြမ်း သရုပ်ဆောင် ဦးမြမောင်၊ ဦးဟိန်းစိုး၊ ဒေါ် ခင်မြင့်မြင့်၊ ဇာတ်ညွှန်း မကျည်းတန်၊ ကာတွန်း ရုပ်ရှင် ဦးဇော်မော်လင်း စတဲ့သူတွေ တက်ရောက်ခဲ့ပါတယ်။

ဒါ့အ​ပြင် နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ ရဲအောင်၊ အောင်ရဲလင်း၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ ခိုင်သင်းကြည်၊ ဆောင်းယွန်းစံ၊ ရေကြည်ချမ်းမြ၊ ဆောင်းအိနြေ ထွန်း၊ အကယ်ဒမီ ဝါဝါအောင် စတဲ့အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။

ရုပ်ရှင်သက်ကြီးပညာရှင်တွေကို တစ်ဦးချင်း မိတ်ဆက်ခဲ့ပြီး ရုပ်ရှင်သက်ကြီး ပညာရှင်တွေကို ပူဇော်ကန်တော့ခြင်းနဲ့ လှူဖွယ်ပစ္စည်းတွေပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ရုပ်ရှင်သက်ကြီးပညာရှင်တစ်ဦးက ဆုတောင်းစကားပြောကြားခဲ့ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကမ္ဘာ့ရေသံသရာလည်ပုံ ဟန်ချက်မညီဖြစ်လာ
Next post လက်ရှိရေအမြင့်အရ ငမိုးရိပ်ရေလှောင်တမံပေါ်သို့ ရေကျော် နိုင်ခြင်းမရှိဘဲရေလှောင်တမံ၏ကြံ့ခိုင်မှုလုံခြုံစိတ်ချရဟု လယ်ဆည်ဝန်ကြီးဌာနထုတ်ပြန်