ကြည့်မြင်တိုင်ညစျေးရှိ ရွှေဆိုင်ပိုင်ရှင်ကို လူတစ်စုက ဖမ်းဆီး သွားပြီး အလောင်းအား အမြန်လမ်းဇီးရိုးမိုင်အနီးတွင် စွန့်ပစ်

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်ညစျေးက ရွှေဆိုင်ပိုင်ရှင်ကို မနေ့ အောက်တိုဘာ ၈ ရက်နေ့ ၊ ည ၇ နာရီခွဲဝန်းကျင်က လူတစုက ရိုက်နှက်ပြီး ကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာမှာ ဒီကနေ့ အောက်တိုဘာ ၉ ရက်နေ့မှာတော့ အမြန်လမ်းပေါ်မှာ အလောင်းပြန်တွေ့ ခဲ့တယ်လို့ ကြည့်မြင်တိုင်မြို့နယ်အတွင်း နေထိုင်သူတဦးက ပြောပါတယ်။

အသက်ခံရသူဟာ ကြည့်မြင်တိုင်ညဈေးက အသက် ၄၀ ဝန်းကျင်အရွယ် ဇမ္ဗူရာဇ် ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးဆိုသူဖြစ်ပြီး ညနေပိုင်း ဆိုင်ပိတ်ပြီး အိမ်ပြန်လာချိန်မှာ လူတစုရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့သားနဲ့အတူ ဆိုင်သိမ်းပြီး အိမ်ပြန်လာတဲ့အချိန်မှာ အဖမ်းခံလိုက်ရတာပါ။ သု့အိမ်နဲ့ ကြည့်မြင်တိုင်ညဈေးနဲ့က နီးတယ်။ ရွှေဆိုင်အနီးအနားက လူတွေပြောတာတော့ အဲ့ဒီ့ကားက အဲ့ဆိုင်နားမှာ ရပ်နေတာ ၃ နာရီလောက်ကြာတယ်တဲ့။ သူက စောင့်နေတဲ့သဘောပေါ့။ ဖမ်းတာတော့ သူ့ကိုပဲ ဖမ်းသွားတာ၊ သူ့သားကိုတော့ထားခဲ့တယ်။ ကားပေါ်မှာ ထိုးကြိတ်ပြီး ခေါ်သွားတာလို့ သိရတယ်။ ဆိုင်သိမ်းပြီးပြန်လာတာဆိုတော့ ဆိုင်ကရွှေတွေအကုန်လုံးလည်း သူ့ဆီမှာပါလာတယ်။ အိမ္ဂရံ၊ မြေဂရံတွေ၊ မြေတွေဝယ်ထားတဲ့ စာချုပ်တွေရော၊ ပိုက်ဆံတွေရော ပါသွားတယ်။ တန်ဖိုးအားဖြင့်တော့ ဘယ်လောက်ပါ သွားတယ်ဆိုတာတော့ မသိသေးဘူး။ ဒီမနက် ၇ နာရီလောက်ကျမှ ထောက်ကြန့်ရဲစခန်းက အလောင်းပြန်တွေ့ပြီဆိုပြီး အကြောင်းကြားတာ လို့ ကြည့်မြင်တိုင်မြို့နယ်အတွင်း နေထိုင်သူတဦးက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကားအမျိုးအစားဟာ ဟွန်ဒါဖက်အဖြူရောင်ဖြစ်ပြီး ကားနံပါတ်ကို ကညနရုံးမှာ စုံစမ်းကြည့်တဲ့အခါ အဲ့ဒီ့နံပါတ်မရှိဘူးလို့ သိရပါတယ်။ မနက်ကျတော့ ထောက်ကြန့်ရဲစခန်းက ဖုန်းဆက်ပြီး အလောင်းပုံ လှမ်းပို့တယ်။ လက်ထိပ် နောက်ပြန်ခတ်လျက်နဲ့ ပါးစပ်မှာ တိပ်ပတ်ပြီးတော့ ဓားဒဏ်ရာတွေဘာတွေတော့ မတွေ့ဘူး။ အသက်ရှူကြပ် အောင် ပါးစပ်တွေဘာတွေပိတ်ပြီးတော့ မနက်ဖက်ကို လာစွန့်ပစ်သွားတဲ့ ပုံစံမျိုးပါ။ သူက အညာသားဆိုတော့ အရမ်းရိုးသားပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူပါ။ အခုလိုဖြစ်သွားတာ တော်တော် စိတ်မကောင်း ဖြစ်ရတယ်။ အမှန်တရား ပေါ်စေချင် တယ် လို့ သူက ပြောပါတယ်။ သေဆုံးသူရဲ့အလောင်းကို ထောက်ကြန့်အကျော်၊ ခါလာကြီးစားသောက်ဆိုင်ရဲ့ ရှေ့တည့်တည့် အမြန်လမ်း ဇီးရိုးမိုင်နားမှာ ပြန်လည် တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Legacy Music Agency က မကြာမီ ဖြန့်ချီတော့မယ့် ဖန်တီးထားတယ်ဆိုတဲ့ အဆိုတော် မေသူ
Next post ငွေသားသိန်း၁၀၀ကျော်ဆုချီးမြှင့်မယ့် EUSHIDO DANCE CHALLENGE