နစက ဥက္ကဋ္ဌထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ထားပါတယ် ။ အဲ့သဝဏ်လွှာမှာ-

ယနေ့ အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးမှ ဆရာများ၏ မြင့်မြတ်သောဂုဏ်ကို ချီးကျူးဂုဏ်ပြုသည့် ကျက်သရေမင်္ဂလာရှိလှသော ကမ္ဘာ့ဆရာများနေ့ ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) တို့က ဆရာများ၏ အဆင့်အတန်းနှင့်ပတ်သက်သည့် ထောက်ခံချက်ကို လက်မှတ်ရေးထိုးခဲ့သော ၁၉၆၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ကို အစွဲပြုလျက် ၁၉၉၄ ခုနှစ် မှစတင်ကာ နှစ်စဉ်အောက်တိုဘာလ ၅ ရက်နေ့တွင် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ကမ္ဘာအနှံ့ကျင်းပခဲ့ကြသည်မှာ ယခုအခါနှစ် (၃၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်များဖြစ်ကြသည့် ဆရာ၏အဓိပ္ပာယ်ကို မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် “သွန်သင်ဆုံးမနည်းလမ်းပြသောပုဂ္ဂိုလ်၊ ပညာပို့ချသင်ကြားပေးသူ” ဟု ဖွင့်ဆိုထား ပါကြောင်း။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ စေတနာအရင်းခံ၍ တပည့်များကို “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာ အပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ” ဆိုသည့် ဆရာ့ဝတ္တရားများနှင့်အညီ ကျင့်ကြံကြကုန်သော ဆရာတို့၏ဂုဏ်ရည်မှာ ချီးကျူးစာဖွဲ့၍ မကုန်နိုင်အောင် ကြီးမားလှကြောင်း၊ ဆရာကောင်းတို့ရှိမှသာ တိုင်းပြည်၏အနာဂတ်ကို ပခုံးပြောင်း တာဝန် ယူကြမည့် လူငယ်တို့ ပညာပြည့်ဝနှလုံးလှကြကာ နိုင်ငံနှင့် လူမျိုးအကျိုးကို အားကြိုးမာန်တက်ထမ်းရွက်နိုင်ကြပြီး နိုင်ငံ၏ အလှ၊ နိုင်ငံ၏ဂုဏ်ကို ဖော်ဆောင်နိုင်ကြမည်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာရေးကို ပြီးဆုံးသည်အထိ သင်ယူတတ်မြောက်စေရန်၊ အနည်းဆုံး KG+9 ပြီးမြောက်စေရန်၊ တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိပြီး ဗလငါးတန်နှင့် ပြည့်စုံသူများဖြစ်ရန်၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးစံနှုန်းများဖြင့် ဥပဒေကိုလေးစားလိုက်နာတတ်သည့် တာဝန်သိစိတ်၊ တာဝန်ယူစိတ်ရှိသူများဖြစ်စေရန်၊ အမြင်ကျယ်မှုရှိပြီး စူးစမ်းရှာဖွေ လေ့လာလိုသော စိတ်ဓာတ်နှင့် ပူးပေါင်းတီထွင်ကြံဆ ဆောင်ရွက်တတ်သူများဖြစ်စေရန်၊ လူတစ်ဦးချင်းဖြစ်စေ၊ လူ့အဖွဲ့အစည်းလိုက်ဖြစ်စေ မတူကွဲပြားမှုများကို နားလည်လက်ခံပြီး တန်းတူညီမျှမှုကို တန်ဖိုးထားလေးစားကာ ငြိမ်းချမ်းရေးအခြေခံအသိများနှင့် လက်တွေ့ကျင့်သုံးနေထိုင်တတ်သူများ ဖြစ်စေရန်စသည့် အခြေခံပညာရေး ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်အောင် အကောင်အထည် ဖော်ရာတွင် ဆရာများ၏ အခန်းကဏ္ဍသည် အဓိကကျလှပါကြောင်း။

သာယာဝပြောပြီး ငြိမ်းချမ်းသောအနာဂတ်လူ့ဘောင်ကို တည်ထောင်နိုင်ရန် ထူးချွန်ထက်မြက်ပြီး ပညာတတ်သော ဗလငါးတန်နှင့် ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များစွာ လိုအပ်လျက်ရှိနေပါကြောင်း၊ ထို့အတွက်ကြောင့် “The teachers we need for the education we want: The global imperative to reverse the teacher shortage”ဟူသော ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဦးတည်ချက်နှင့်အညီ ကျွန်ုပ်တို့မျှော်မှန်းသော ပညာရေးအတွက် လိုအပ်သောဆရာများ ဖြည့်ဆည်းနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ယနေ့ကျရောက်သော ကမ္ဘာ့ဆရာများနေ့ နေ့ထူးနေ့မြတ်အခါသမယ၌ အလေးအနက်ထား တိုက်တွန်းအပ်ပါကြောင်းဖြင့် ဖော်ပြပါရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အိမ်ရှင် ၆ နိုင်ငံအထိ ဖြစ်လာမယ့် ၂၀၃၀ ကမ္ဘာ့ဖလား
Next post ဆွမ်းဦးပုညရှင်စေတီတော်မှာ တိုးချဲ့တည်ဆောက်နေတဲ့ ရင်ပြင်တော်နဲ့ ဘုရားဖူးများနားနေဆောင် အောက်တိုဘာလ ကုန်မှာ ပြီးစီးမည်