
ငြိမ်းချမ်းရေးဆွေးနွေးမှုများကို လမ်းဖွင့်ထားကြောင်း ထပ်မံ အသိပေး
နိုင်ငံရေးနည်းလမ်းကို စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာနိုင်မှာ ဖြစ်တာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို အမြဲတမ်းကြိုဆို လမ်းဖွင့်ထားကြောင်း ထပ်မံအသိပေးတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ပြောပါတယ်။ မတ်လ ၂၇ ရက် ညပိုင်းက ကျင်းပတဲ့ နှစ် (၈၀) ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။





မြန်မာ့သမိုင်းမှာ အကြမ်းဖက်လမ်းစဉ် ကျင့်သုံးပြီး အကျပ်ကိုင်တောင်းဆိုခဲ့တဲ့ ဖြစ်စဉ်တိုင်း တပ်မတော်အနေနဲ့ အလျှော့ပေး လက်ခံတဲ့ အစဉ်အလာမရှိတာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ နဲ့ ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ရဲဘော်တို့အနေနဲ့ အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်နဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်သွားကြဖို့ အလေးထားမှာကြားလိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
လက်နက်ကိုင်လမ်းစဉ် နဲ့ အကြမ်းဖက်လမ်းစဉ်တွေကြောင့် နိုင်ငံတော်မှာ ဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဖော်ဆောင်နိုင်ဖို့အတွက် ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေက တစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်း နဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တပ်မတော်အနေနဲ့ အမျိုးသားနိုင်ငံရေးတာဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်နေပြီး ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော်အာဏာ လွှဲအပ်နိုင်ရေး ဦးတည်ထားသလို ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း ပြန်လည်ကျင်းပပေးဖို့ တစိုက်မတ်မတ် ချမှတ်ထားတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။