မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့ကို ၂၀၂၅ ခုနှစ်တွင် UNESCO တင်သွင်းမည်

“မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” (Practice of Thanakha Culture in Myanmar) နှင့် ပတ်သက်ပြီး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည့် အချက်အလက်များနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီလ(၅)ရက်နေ့က မြန်မာနိုင်ငံအမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်သည် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပညာရှင်အဖွဲ့ဝင်များနှင့် Virtual Online System ဖြင့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” (Practice of Thanakha Culture in Myanmar)ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းရာတွင် ဘက်စုံထောင့်စုံ ပြည့်ပြည့်စုံစုံဖြင့် ဟာကွက်မရှိအောင် ရေးသားပြုစုပြီး တင်သွင်းသွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသူ နိုင်ငံသားများ နှစ်သက်ခုံမင်စွာဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းက အစဉ်အဆက်သုံးစွဲလာခဲ့သည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့ကို ၂၀၂၅ ခုနှစ်တွင် UNESCO တင်သွင်းမည်ဖြစ်ကြောင်း၊ မြန်မာတိုင်းရင်းသားများသာမက မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် အခြားလူမျိုးများပါ သနပ်ခါးကို နှစ်ခြိုက်စွာ အသုံးပြုကြကြောင်း၊ နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းသည့်အနေဖြင့် နိုင်ငံတော်အစိုးရကလည်း နှစ်စဉ်တပို့တွဲလပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့” အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်မတိုင်မီ ယူနက်စကိုအဖွဲ့သို့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည့် “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” (Practice of Thanakha Culture in Myanmar)ကိုလည်း မြန်မာ့ရိုးရာအတာသင်္ကြန်ကဲ့သို့ အောင်မြင်စွာဖြင့် တင်သွင်းနိုင်ရေးလစ်ဟာမှုမရှိရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” (Practice of Thanakha Culture in Myanmar)ကို အောင်မြင်စွာ အသိအမှတ်ပြုတင်သွင်းနိုင်ရန် လိုအပ်သည့်အချက်အလက်များကို အကြံပြုပေးကြရန် ယခုအစည်းအဝေးကို ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံအမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ အတွင်းရေးမှူးနှင့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွအနှစ် ပညာရှင်အဖွဲ့အတွင်းရေးမှူးတို့က မြန်မာ့သနပ်ခါး၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းကို UNESCO သို့ တင်သွင်းရန် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပညာရှင် အဖွဲ့ဝင်များက မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့အား UNESCO ICH တင်သွင်းခြင်းနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။ ဆက်လက်၍ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာတိုးလှနှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်တို့က “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” (Practice of Thanakha Culture in Myanmar)နှင့် ပတ်သက်၍ သက်ဆိုင်သည့် အချက်အလက်များကို ကဏ္ဍအလိုက်ဆွေးနွေးတင်ပြခဲ့ကြသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်၊ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စိစစ်ရေးပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာတိုးလှ၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာရေးဆရာ အသင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ရန်ကုန်၊ မန္တလေးတို့မှ တာဝန်ရှိသူများနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၆-၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post Comedy Horror ဇာတ်လမ်းပုံစံ “သရဲကား” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲ အခမ်းအနားကျင်းပ