
၂၀၂၅ မှာ ဝင်ငွေရရှိမှု အားကောင်းနေတဲ့ Disney ရဲ့ Mufasa: The Lion King
၂၀၁၉ က ထွက်ရှိခဲ့တဲ့ The Lion King live-action ရဲ့ အောင်မြင်မှုကြောင့် Disney ဟာ ခြင်္သေ့ဘုရင်ကြီး Mufasa ရဲ့ ငယ်ဘဝကိုပြသမယ့် prequel ရုပ်ရှင် Mufasa: The Lion King ကိုပါ ဆက်လက်ထုတ်လုပ်ခဲ့ပြီဖြစ်ပါတယ်။
Mufasa: The Lion King ကို ဒီဇင်ဘာ ၂၀၊ ၂၀၂၄ မှာ စတင်ရုံတင်ပြသခဲ့တာဖြစ်ပြီး ဒီကနေ့အထိ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ မြောက်အမေရိကဒေသတွင်းရုံတင်ငွေ ကန်ဒေါ်လာ ၁၅၂.၃ သန်းကျော်နဲ့ ပြည်ပရုံတင်ငွေ ကန်ဒေါ်လာ ၂၁၄.၃ သန်းကျော်၊ စုစုပေါင်း ကန်ဒေါ်လာ ၃၆၆.၆ သန်းကျော်အထိရရှိနေကြောင်း သိရပါတယ်။
ဒါဟာ ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ဘတ်ဂျက်ရှိတဲ့ ရုပ်ရှင်တစ်ကားအနေနဲ့ အစွန်းထွက်ပမာဏတစ်ခုသာဖြစ်ပြီး နောက်ထပ်ဘယ်ပမာဏအထိရရှိမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ Mufasa အကြောင်းကို သီးသန့်ပွဲထုတ်ထားတဲ့ Mufasa: The Lion King ဟာ Mufasa တစ်ယောက် တောဘုရင်ဖြစ်လာပုံအပါအဝင် Mufasa နဲ့ ညီဖြစ်သူ Scar တို့ရဲ့ ငယ်ဘဝအကြောင်းကို ပြသထားတာပါ။
Mufasa: The Lion King ကို အော်စကာဆုရရုပ်ရှင် Moonlight ရဲ့ ဒါရိုက်တာ Berry Jenkins က ရိုက်ကူးပေးထားတာဖြစ်ပြီး Aaron Pierre က Mufasa အဖြစ်၊ Kelvin Harrison Jr. က Scar အဖြစ် ပါဝင်ထားကြသလို Seth Rogan က Pumbaa အဖြစ်၊ Billy Eichner က Timon အဖြစ်နဲ့ John Kani က Rafiki အဖြစ် ပါဝင်ထားကြပါသေးတယ်။
Disney ဟာ Mufasa: The Lion King ရဲ့ အခြေအနေအပေါ်မူတည်ပြီး Lion King အတွက် cinematic universe တစ်ခုကိုလည်း တည်ဆောက်သွားနိုင်ဖွယ်ရှိနေပါတယ်။
Mufas: The Lion King နဲ့ တစ်ရက်တည်းမှာအပြိုင်ရုံတင်ခဲ့တဲ့ Paramount ရဲ့ Sonic the Hedgehog 3 ကတော့ ယနေ့အထိ မြောက်အမေရိကဒေသတွင်းရုံတင်ငွေ ကန်ဒေါ်လာ ၁၇၃.၂ သန်းကျော်နဲ့ ပြည်ပရုံတင်ငွေ ကန်ဒေါ်လာ ၁၁၂.၇ သန်းကျော်၊ စုစုပေါင်း ကန်ဒေါ်လာ ၂၈၅.၉ သန်းကျော်အထိရရှိနေကြောင်း သိရပါတယ်။
Sonic the Hedghog 3 မှာ Sonic ဟာ Shadow ဆိုတဲ့ဗီလိန်ကို Tails နဲ့ Knuckles တို့နဲ့အတူပူးပေါင်းကာရင်ဆိုင်ရပုံကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် ဝါရင့်သရုပ်ဆောင် Jim Carrey ကလည်း Dr. Robotnik အဖြစ် ပါဝင်ထားပါသေးတယ်။ Ben Schwartz က Sonic အဖြစ်၊ Colleen O’Shaughnessey က Tails အဖြစ်နဲ့ Idris Elba က Knuckles အဖြစ် အသံသရုပ်ဆောင်ထားသလို Shadow အဖြစ် Keanu Reeves က အသံသရုပ်ဆောင်ထားပါသေးတယ်။