အသင်း ၉၆ သင်း ပါဝင်ယှဉ်ပြိုင်မယ့် အစီအစဉ်တွေကို နာမည်ပြန်ပြောင်းထားတဲ့ စူပါလိဂ်က တင်ပြလာပြန်

ဒီဇင်ဘာလ ၁၉ ရက်

စူပါလိဂ် (Super League) ကို စတင်တည်ထောင်သူတွေက ၎င်းတို့ရဲ့ အဆိုပြုထားတဲ့ ပြိုင်ပွဲကို ယူနီဖိုင်းလိဂ် “Unify League” လို့ နာမည်ပြောင်းလဲထားပြီး ဥရောပထိပ်ဆုံးတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အခြေခံကာ ဖီဖာနဲ့ ယူအီးအက်ဖ်အေထံ “တရားဝင် အသိအမှတ်ပြုမှု”ကို တောင်းခံထားကြောင်း ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လိဂ်အများအပြား၊ ကလပ်အသင်းတွေနဲ့ တခြားသက်ဆိုင်သူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် အဆိုပြုလွှာကို ပေးပို့ခဲ့ကြောင်းနဲ့ ပြိုင်ပွဲဝင်ရောက်မှုကို နှစ်စဉ် ပြည်တွင်းစွမ်းဆောင်ရည်တွေအပေါ် အခြေခံပြီး ၎င်းရဲ့ ဝင်ခွင့်စနစ်ကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း A22 Sports Management က ပြောပါတယ်။

စတင်မယ့် ရက်ကို အတိအကျ မသတ်မှတ်ရသေးတဲ့ ပုံစံသစ်အရ Star နဲ့ Gold လိဂ်မှာ ၃၂ သင်း၊ Blue လိဂ်မှာ ၃၂ သင်းနဲ့ Union လိဂ်မှာ ၃၂ သင်း စုစုပေါင်း ကလပ်အသင်း ၉၆ သင်း ပါဝင်မှာဖြစ်ပါတယ်။ အုပ်စုပွဲစဉ်တွေကို စက်တင်ဘာလကနေ ဧပြီလအထိ ကျင်းပပြီးနောက် အသင်းရှစ်သင်းပါဝင်တဲ့ ရှုံးထွက် phase အဆင့် ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဥရောပတရားမျှတမှု တရားရုံး (ECJ) ရဲ့ ဆုံးဖြတ်ချက်အရ “ဘောလုံးပြက္ခဒိန်နဲ့ ကိုက်ညီပြီး အားလုံးပါဝင်နိုင်ကာ အရည်အချင်းပြည့်မီမှုပေါ် မူတည်တဲ့ ဘယ်ပြိုင်ပွဲကိုမဆို တရားဝင် တည်ထောင်ခွင့်ရှိတယ်”လို့ A22 ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စတင်တည်ထောင်သူတွေက ပွဲစဉ်တွေကို streaming ပလက်ဖောင်းကတဆင့် အခမဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသမယ်လို့လည်း ပြောပါတယ်။

“ပရိသတ်တွေအတွက် subscription ကြေးတွေ တိုးမြှင့်ခြင်း၊ ကစားသမားတွေရဲ့ ပြက္ခဒိန်ဝန်ပိုဖြစ်ခြင်း၊ အမျိုးသမီးဘောလုံးလောကမှာ လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှု မရှိခြင်းနဲ့ လက်ရှိ ဥရောပတခွင် ပြိုင်ပွဲတွေရဲ့ ပုံစံနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကို မကျေနပ်ခြင်းအပါအဝင် အားကစားနယ်ပယ်မှာ ရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ စိန်ခေါ်မှုများစွာကို ကျွန်တော်တို့ရဲ့ အဓိက ပါဝင်သက်ဆိုင်သူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်ဆောင်ရွက်မှုတွေက ဖော်ထုတ်ခဲ့တယ်”လို့ A22 CEO ဘန်း ရိုက်ကတ်က ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ အဆိုပြုချက်ဟာ ဒီစိန်ခေါ်မှုတွေကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်ပါတယ်” လို့လည်း ပြောဆိုထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၈-၁၂-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၉-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်