မြန်မာ-အမေရိကန် နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူး တင်ဆက် ထားတဲ့ ပထမဦးဆုံး ပရဟိတဇာတ်လမ်းပုံစံ “မေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကျင်းပ

မြန်မာ-အမေရိကနှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးတင်ဆက်ထားတဲ့ ပထမဦးဆုံး ပရဟိတဇာတ်လမ်းပုံစံ “မေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကို ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားရဲ့ မူရင်းပိုင်ရှင်ကတော့ မေရီကေရပ်ဖောင်ဒေးရှင်းတည်ထောင်သူ အန်တီမေရီကိုယ်တိုင် ရေးသားထားတဲ့ မူရင်းဝတ္ထု မေတ္တာကို အခြေခံပြီးတော့ ဇာတ်ညွှန်းမနွေးက ရေးသားပေးထားတာပါ။ သူတို့နှစ်ယောက်လုံးက မြန်မာပြည်မှာမွေးပြီး နိုင်ငံခြားမှာ ရှင်သန်ကြရတာဖြစ်တယ်။ ဒီဇာတ်လမ်းရဲ့ ကာရိုက်တာက အရမ်းထင်ဟပ်ပါတယ်။ နိုင်ငံတကာ ယဉ်ကျေးမှုပွဲတွေလုပ်ဖြစ်ကြတယ်လေ။ အဲ့ပွဲအကြောင်းကို ရေးထားတဲ့ဇာတ်လေးပါ။ ဒီကားကိုကြည့်ရင် မြန်မာပြည်က ဇွဲရှိတဲ့ မိန်းမလေး ၄ ယောက်ရဲ့ အားစိုက်မှုကိုတွေ့ရမှာပါ”လို့ အကယ်ဒမီ ဒေါက်တာ ဂရေစ့်ဆွေဇင်ထိုက်က ပြောပါတယ်။

ဒီဇာတ်ကားရဲ့ မူရင်းဝတ္ထုကို အခြေခံပြီး မနွေးနွေးစိန်မြင့်က ဇာတ်ညွှန်းရေးသားခဲ့ပြီး ဒါရိုက်တာ Graham Streeter နဲ့ အကယ်ဒမီ ဒေါက်တာ ဂရေစ့်ဆွေဇင်ထိုက်တို့က အမေရိကနဲ့ မြန်မာပြည်ဇာတ်ဝင်ခန်းတွေအတွက် တာဝန်ယူရိုက်ကူး ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇာတ်ကားကို ဝါရင့်သရုပ်ဆောင်‌တွေဖြစ်တဲ့ လူမင်း၊ ထွန်းအိန္ဒြာဗို၊ ဆွေဇင်ထိုက်တို့နဲ့အတူ ဇာတ်ရုပ်နဲ့ ကိုက်ညီမှုရှိတဲ့ သရုပ်ဆောင် အသစ်‌တွေဖြစ်တဲ့ Gin Mung၊ Chrissy Aung နဲ့ May T Maung တို့ကို ရွေးချယ် ရိုက်ကူးခဲ့တာလို့လည်း သိရပါတယ်။

“မေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံး ရုပ်ရှင်ရုံတွေမှာ ရုံတင် ပြသသွားမှာ ဖြစ်သလို နိုင်ငံတကာရုပ်ရှင်ပွဲတော် ၆ ခုက တရားဝင် Nomination အရွေးချယ်ခံခဲ့ရပြီး အကောင်းဆုံး ဇာတ်ကားဆု ၁ ဆု၊ အကောင်းဆုံး ဇာတ်လမ်းဆု ၁ ဆု၊ ပရိတ်သတ်အကြိုက်ဆုံး ဆု၂ ဆုနဲ့ အကောင်းဆုံး သရုပ်ဆောင်ဆု ၁ ဆုတို့ ရရှိထားပြီး ဖြစ်ပါတယ်။

ဒီဇာတ်ကားက ပြသရာကနေ ရရှိလာမယ့် အကျိုးအမြတ်တွေကို “Net Proceeds”က မိဘမဲ့ကလေးငယ်တွေကို လှူဒါန်းထောက်ပံ့သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၁-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၁-၁၂-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ