အမြန်လမ်းမှာ တက်နေလင်း ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်လို့ နှစ်ဦးသေ၊ ဆယ်ဦး ဒဏ်ရာရ

ရန်ကုန် -မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၅၄/၀ မှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး ဆယ်ဦး ဒဏ်ရာရရှိကာ နှစ်ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ ၁၆ရက် မနက် ၄ နာရီ ၁၅ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။

တိမ်းမှောက်တဲ့ ခရီးသည်တင်ယာဉ်က တက်နေလင်း Express ယာဉ်ဖြစ်ပြီး တောင်ကြီး၊ တောင်ငူ၊ ပဲခူး ပြေးဆွဲတဲ့ယာဉ်လို့ သိရပါတယ်။ ဒီဖြစ်စဥ်မှာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၄ ဦး ဒဏ်ရာရတယ်လို့လည်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပေမဲ့ မြေပြင်အကူအညီပေးသူကတော့ ၁၀ ဦးလို့ MT News ကို ​ပြောပါတယ်။

မြေပြင်အကူအညီရောက်ရှိခဲ့တဲ့နယ်မြေခံ လူမှုကူညီ‌ရေးအသင်းတာဝန်ရှိသူက “မှောက်တဲ့ အခြေအနေကို သေချာ တော့မသိရသေးဘူး။ ယာဉ်မောင်းလည်း ထိခိုက်တယ်။ လူနာတင်ကားနဲ့ ပါသွားတယ်။ ကားပေါ်ခရီးသည် ၃၀ ကျော်ပါတယ်။ ထိခိုက်တာက ၁၀ ဦး၊ သေဆုံးတာက အသက် ၇၀အရွယ် အမျိုးသမီးနဲ့ အသက် ၁၄ နှစ်အရွယ် အမျိုးသမီး နှစ်ဦးပါ” လို့ ဖြေကြားပါတယ်။

ယာဉ်တိမ်းမှောက်နေတဲ့ အခြေအနေက ရန်ကုန်ဘက်လားရာအခြမ်းဘက်မှာ လမ်းလယ်ကျွန်းပေါ်ထိုးတင်နေပြီး တစောင်းလဲကျတိမ်းမှောက်နေတာပါ။ ယာဉ်ပေါ်ပါ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့တဲ့ ခရီးသည်တချို့ရဲ့ ပြောပြချက်အရ၊ ယာဉ်မောင်းနောက်တစ်ဦးနဲ့ လူလဲလှယ်ပြီးမောင်းနှင်လာရာက အခြားယာဥ် ကျော်တက်စဉ်မှာ လမ်းချော်တိမ်းမှောက်တာလို့ ဆိုကြောင်းလည်း တောင်ငူအခြေစိုက်လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“သူက တောင်ပေါ်ကနေ တောင်ငူမြို့ကိုဝင်ပြီး လမ်းဟောင်းအတိုင်းပဲခူးထိ သွားမယ့်ကား။ ထိခိုက်ဒဏ်ရာမရတဲ့ သူတချို့ကို ကျွန်တော်တို့အသင်းကားနဲ့ နီးစပ်ရာ ကားဂိတ်တွေ လိုက်ပို့ပေးခဲ့တယ်”လို့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။

ယာဉ်တိမ်းမှောက် မှုဖြစ်စဉ်နေရာကို Taungoo Rescue အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့ မှ ကယ်ဆယ်ရေးယာဉ်၂ စီး၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့နဲ့ ကြီးလေးကြီး လူမှုကူညီ‌ရေးအသင်းတို့က မြေပြင်အကူအညီအဖြစ် ကူညီဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ(၁ဝ)ဦးကို တောင်ငူဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ကာ သေဆုံးသူအမျိုးသမီး နှစ်ဦးရဲ့ ရုပ်အလောင်းကိုလည်း ဆေးရုံကြီးမှတစ်ဆင့် ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၆-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၆-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ