လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို GVW PDF အဖွဲ့က ယနေ့ လုပ်ကြံခဲ့ဟု သတင်းထုတ်ပြန်
လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကျော်သူဝင်းနှင့် ယာဥ်မောင်းကို GVW PDF(Golden Valley Warriors) အဖွဲ့က ယနေ့ လုပ်ကြံခဲ့သည်ဟု သတင်းထုတ်ပြန်လာသည်။
အဆိုပါလုပ်ကြံမှုကို လှိုင်သာယာတွင် ယနေ့ နံနက် ၉ နာရီ ဝန်းကျင်၌ ပြုလုပ်ခဲ့သော Mission အောင်မြင်ခဲ့ပြီး PDF များ လုံခြုံပြီ ဖြစ်သည်ဟုလည်း ဖော်ပြသည်။ ထို့အတူ လုပ်ကြံသတ်ဖြတ်မှုကျုးလွန်သည့် GVW ကို ထောက်ခံအားပေးသော မီဒီယာများတွင်လည်း လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက်တွင် ယနေ့နံနက်ပိုင်း ၉ နာရီခန့်က လှိုင်သာယာမြို့နယ် အနောက်ပိုင်းစီမံအုပ်ချုပ်ရေးကောင်စီဝင် အဖွဲ့ဝင် (၂) ဦးကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ကို Golden Valley Warriors ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ လက်ရှိတွင် ဦးကျော်သူဝင်း(ခ) ရွှေမန်းနှင့် ၎င်း၏ကိုယ်ရေးအရာရှိ တို့ကိုဆေးရုံကားဖြင့်သယ်ဆောင်သွားကြောင်း၊ ဦးကျော်သူဝင်း (ခ) ရွှေမန်းမှာ ရင်ဘတ်ဖောက်ဝင် ဒဏ်ရာ ၂ ချက် ၊ ဝဲလက်ဖဝါးဖောက်ဒဏ်ရာ ၁ ချက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ ကိုယ်ရေးအရာရှိမှာ ဦးခေါင်းဖောက်ဝင် ဒဏ်ရာ ၂ ချက် ရရှိခဲ့ကာ လူနာတင်ယာဉ် ၂ စီးဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဖော်ပြထားသည်။
သို့သော် လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သော မီဒီယာများတွင်မူ “လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊(၁၁) ရပ်ကွက်၊ အောင်မင်္ဂလာကျောင်းဝိုင်း၊ မုခ်ဦးလမ်းဘေး၊သာသနာ့ဝုဃိသိမ်တော်ကြီးဝင်းအတွင်းတွင်အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်၌ လှိုင်သာယာအနောက်ပိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးရွှေမန်းကို PDF အကြမ်းဖက်သမားကသေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ ဦးရွှေမန်းသည်သိမ်တော်ကြီးအတွင်း သန့်ရှင်းရေးပြုလုပ်ရန် အဖော်နှစ်ဦး၊ ယာဥ်မောင်း တို့နှင့်အတူ သိမ်တော်ကြီးရှေ့တွင်ကားရပ်ပြီး ကားပေါ်မှဆင်းချိန်တွင် အသက် ၂၅ နှစ်ခန့် အင်္ကျီအညိုကွက်၊ ပုဆိုး ဝတ်ဆင်ထားပြီး Mask အမဲတပ်ထားသည့် PDF အကြမ်းဖက်သမားက ယာဥ်၏ခေါင်းပိုင်းသို့လမ်းလျောက်လာပြီး ပစ္စတိုဖြင့် ၈ ချက်ပစ်ခတ်ခဲ့ရာ ပစ်ခတ်မှုကြောင့် ယာဥ်မောင်းသန့်ဇင်ထက်တွင် ဝဲရင်အုံတစ်ချက်၊ ဝဲလက်မောင်းတစ်ချက် ကျည်ထိ ဒဏ်ရာများရပြီး ဦးရွှေမန်းကိုထိမှန်ခြင်းမရှိကြောင်း၊ ကျည်ထိမှန်ဒဏ်ရာရသောယာဥ်မောင်းကို လှိုင်သာယာဆေးရုံ
သို့ ပို့ဆောင်ထားပြီး ပစ်ခတ်သွားသောအကြမ်းဖက်လူသတ်သမားကိုပိတ်ဆို့ရှာဖွေနေကြောင်း ဖော်ပြထားသည်။