နိုင်ငံ့စီးပွားရေး ကောင်းမွန်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း နစက ဥက္ကဋ္ဌပြောကြား

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန် ၊ ဧရာဝတီ ၊ ပဲခူး ၊ မွန် ၊ ကရင်နှင့် တနင်္သာရီက ဝန်ကြီးချုပ်များ နှင့် ယမန်နေ့ စက်တင်ဘာ (၁) ရက်တွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံခဲ့သည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကိုမှာကြားနိုင်ရန် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌ က ပြောကြားခဲ့ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝန်ကြီးများနှင့် ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော နှင့် ဆောက်လုပ်ရေးဝန်ကြီးတို့လည်း တက်ရောက်ခဲ့ကြသည်။

စီးပွားရေးနှင့် နိုင်ငံရေးသည် အပြန်အလှန်အမှီသဟဲပြုနေပြီး စီးပွားရေးကောင်းမွန်မှသာ နိုင်ငံရေးတည်ငြိမ်အေးချမ်းပြီး ပြည်သူများအနေဖြင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများအားလုံးတွင် တာဝန်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့အစည်းအဝေးတွင် အတိအလင်း ပြောကြားခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေး ရပြီးချိန်မှစ၍ ယနေ့အချိန်ထိ နိုင်ငံရေးစနစ်များပြောင်းလဲကျင့်သုံးမှုနှင့်အတူ စီးပွားရေးစနစ်များလည်း ပြောင်းလဲကျင့်သုံးမှုများရှိခဲ့သော်လည်း ထိုက်သင့်သလောက်အောင်မြင်မှု မရှိခဲ့ကြောင်းလည်း ၎င်းက ဝန်ခံပြောကြားခဲ့သည်။

စီးပွားရေး အားနည်းချက်များ ဖြစ်ပေါ်မှုများကြောင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်ခဲ့သည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ပြီး ခေတ်အဆက်ဆက်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတော် ၏ စီးပွားရေးဆိုင်ရာ အားသာချက်များ၊အားနည်းချက်များကို သင်ခန်းစာ ယူ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ဝန်ကြီးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ကျရာအခန်းကဏ္ဍမှ တတ်စွမ်း သရွေ့ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခများ မှန်မှန်ကန်ကန်ရရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်းလည်း ပြောကြားခဲ့သည်ကိုတွေ့ရသည်။

အလားတူ နိုင်ငံခြားဝင်ငွေများ ရရှိရေးအတွက် ပြည်ပရောင်းတန်းဝင် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရန်လိုအပ်ပြီး ယင်းကဲ့သို့ ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့်လည်း စီးပွားရေး တိုးတက်လာမည်ဖြစ်သည့်အပြင် နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားသည်ကို တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post တရုတ်ပြည်မှစွယ်တော်နှင့်အတူ ရင်ငွေ့ခိုလှုံခဲ့ကြသည့် စွယ်တော်မြတ် စေတီ၂ဆူသို့ နစကဥက္ကဋ္ဌ သွားရောက်ပူဇော်