
နေပြည်တော်၌ ဆရာဝန်မိသားစုဝင် သုံးဦး အသတ်ခံရမှု CID စစ်ဆေး
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းက နေအိမ်တစ်အိမ်မှာ ဩဂုတ် ၁၀ ရက်၊ နေ့လယ်ပိုင်း က ဆရာဝန် မိသားစုဝင် သုံးယောက် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မှုခင်းရဲတပ်ဖွဲ့က (CID) က လာရောက်စစ်ဆေးခဲ့တယ်လို့ နေပြည်တော်အခြေစိုက် သဗ္ဗသုခ နာရေးကူညီမှုအသင်းက တာဝန်ရှိသူတစ် ယောက်က ပြောပါတယ်။
အသတ်ခံရတဲ့ မိသားစုဝင်သုံးယောက်ဖြစ်တဲ့ ဖခင်ဖြစ်သူ ဆရာဝန်ဟာ မီးဖိုချောင်အတွင်း၊ မိခင်ဖြစ်သူဟာ ရေချိုးခန်းအတွင်း နဲ့ သားဖြစ်သူဟာ နေအိမ်အိပ်ခန်း အိပ်ရာပေါ်မှာ ဓားထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ စီစီတီဗီမှတ်တမ်းတွေအရ ဩဂုတ် ၈ရက်၊ ညပိုင်းလောက်က အခင်းဖြစ်ပွားတယ်လို့ သိရပြီး ကျူးလွန်သူတွေက ကား နဲ့ ပစ္စည်းတွေ ယူဆောင်သွားတာ ရှိတယ်လို့လည်း သိရကြောင်း သဗ္ဗသုခ နာရေးကူညီမှုအသင်းက တာဝန်ရှိသူတစ် ယောက်က ပြောပါတယ်။
အခင်းဖြစ်စဉ်ကိုတော့ သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့ အပြင် မှုခင်းရဲတပ်ဖွဲ့ (CID) က အရာရှိကြီးတွေလည်း လာရောက် စစ်ဆေးတာ ရှိတယ်လို့ ဆိုပါတယ်။



