Special Account ရှိ အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ကြောင်း ဗဟိုဘဏ် ဖြေကြား

စီးပွားရေးလုပ်ငန်းများ/အဖွဲ့အစည်းများက ဘဏ်များတွင် ငွေသားအပ်နှံထည့်သွင်းထားသော Special Account များမှ ငွေသားထုတ်ယူရန်အတွက် အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိ ထုတ်ယူခွင့်ပြုထားကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူများမှတဆင့် သိရှိရပါသည်။

ပုဂ္ဂလိကဘဏ်အချို့တွင် Special Account များမှ ငွေသား ၁၀ သိန်းအထိသာ ထုတ်ယူနိုင်တော့ကြောင်း ပြည်ပရောက် Exile မီဒီယာများက ဖော်ပြခဲ့မှုနှင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းအချို့က ပြောကြားနေမှုများနှင့် ပတ်သက်ပြီး ဗဟိုဘဏ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဗဟိုဘဏ်မှ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်၏ ဖြေကြားချက်အပြည့်အစုံမှာ “စီးပွားရေးလုပ်ငန်းများ/အဖွဲအစည်းများက ဘဏ်များတွင် ငွေသားအပ်နှံ ထည့်သွင်းထားသော ဘဏ်စာရင်းသစ်(Special Account)များနှင့် စပ်လျဉ်း၍ ငွေသားပြန်လည် ထုတ်ယူခြင်းများအတွက် အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိ ပြန်လည်ထုတ်ယူခွင့်ပြုပြီးဖြစ်ပါသည်။ ၎င်းအပြင် ဘဏ်တစ်ခုအတွင်းရှိ ငွေစာရင်းများအချင်းချင်း သို့မဟုတ် မတူညီသည့်ဘဏ်များမှ ငွေစာရင်းများအချင်းချင်းအကြား စာရင်းလွှဲပြောင်းခြင်း ( Account Transfer ) ကို ပိုမိုအသုံးပြုရန်နှင့် ငွေသားထုတ်ယူခြင်းကို မဖြစ်မနေကိစ္စရပ်အတွက်သာ ထုတ်ယူရန် အများပြည်သူသို့ ပန်ကြားထားပြီးဖြစ်ပါသည်။” ဟု ဖြေကြားခဲ့သည်။

ယနေ့တွင် ပြည်ပရောက် Exile မီဒီယာများက ပုဂ္ဂလိကဘဏ်အချို့တွင် Special Account များမှ ငွေသား ၁၀ သိန်းအထိသာ ထုတ်ယူနိုင်တော့ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းမှာ ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ လုပ်ဆောင်ရခြင်းဖြစ်ကြောင်းနှင့် ရာခိုင်နှုန်းအမြတ်ပေး ငွေသားထုတ်ရသောစနစ် ပြန်လည်စတင်နေကြောင်း မှားယွင်း ရေးသားဖော်ပြခဲ့ကြခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၀-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ‘ကြင်ဖော်’ဇာတ်လမ်းတွဲ ကန်တော့ပွဲ အခမ်းအနား ကျင်းပ