နစက ဥက္ကဋ္ဌ နေပြည်တော်ကောင်စီနယ်မြေအတွင်း လမ်းတံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့မှုအခြေအနေများအား ကြည့်ရှု စစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်းတံတားများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇေယျာသီရိမြို့နယ်မှ ရန်ကုန် – မန္တလေးလမ်းဟောင်းအတိုင်း မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး ဆင်သေချောင်းအတိုင်း ရေတိုက်စားမှုကြောင့် ကားလမ်းဘေး ရေတိုက်စားပျက်စီးနေမှုများ၊ ကုန်တင်ကားကြီးများနှင့် ခရီးသည်တင်ယာဉ်များ စောင့်ဆိုင်းနေရမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နဝင်းချောင်းတံတား (အဆုံ) နေရာသို့ ရောက်ရှိကြပြီး ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့မှုအား ယာယီဘေလီတံတား တည်ဆောက်ပြုပြင်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ နဝင်းချောင်းတံတား (အဆုံ) ယာယီဘေလီတံတားကို တံတားခံနိုင်ဝန် ၄၀ တန်၊ အရှည် ၁၀၀ ပေ၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ သံဘေလီသုံးလွှာ ၁ ထပ် တံတားထိုးခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၁ ရက်မှစ၍ အစားထိုးစတင် တည်ဆောက်လျက်ရှိရာ စက်တင်ဘာ ၁၆ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကင်းသာလမ်းခွဲမှတဆင့် ကင်းသာအုပ်စု၊ ၃ မိုင်ကျေးရွာအနီးရှိ ကင်းသာရေထိန်းတမံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကင်းသာသစ်ဆိပ်မှ သစ်လုံးကြီးများသည်လည်း ရေစီးကြောင်းအတိုင်း မျောပါခဲ့ပြီး ရေထိန်းတမံအား အရှိန်အဟုန်ဖြင့် ဝင်ဆောင့်ခဲ့မှုများကြောင့် တမံထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၃ မိုင်ကျေးရွာရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့မှုအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ သိုက်ချောင်း တံတား (ဆင်သေချောင်းကူး) အား ယာယီဘေလီတံတားထိုးခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဆင်တည်ဆောက်ပြီးစီးပြီဖြစ်သည့် ယာယီဘေလီတံတားပေါ်မှ မော်တော်ယာဉ်များဖြင့် မောင်းနှင်ဖြတ်သန်းခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် အပျက်အစီးများ ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရေဘေးသင့်ပြည်သူများအတွက် နာမည်ကြီး အဆိုတော်များ က ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်
Next post နိုင်ငံတွင်း ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘောဇဘဏ်လီမိတက်မှ ကျပ်‌‌ငွေ (၁၀) ဘီလီယံ မတည်လှူဒါန်း