သံဖြူဇရပ်မြို့နယ်တွင် လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံလူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအနီးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသ ခံလူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးမှာ အသက် ၁၉ နှစ်အရွယ် နိုင်ငယ်ထူးထူးလင်းနှင့် မဇင်မာထွေးဆိုသူတို့ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်က သံဖြူဇရပ်မြို့နယ်၊ ကျောင်းရွာကျေးရွာအနီးရှိ ရေကန်ဘက်မှ ဝဲခမိကျေးရွာဘက်သို့ ပြန်လာကြစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျည်စထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နိုင်ငယ်ထူးထူးလင်းက ညဘက်ခြေထောက်မှာ ဒဏ်ရာတစ်ချက်နဲ့ ဘယ်ဘက်လက်မောင်းမှာဒဏ်ရာတစ်ချက်ရ သွားတယ်။ ဇင်မာထွေးက ဘယ်ဘက်လက်မောင်းမှာ ဒဏ်ရာတစ်ချက်ရတယ်။ ကောင်လေးရရှိတဲ့ဒဏ်ရာက ပြင်းတယ်။” ဟု ဖြစ်စဉ်ကို ကူညီပေးသူ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူငယ်နှစ်ဦးကို သံဖြူဇရပ် မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြပြီး ထိုတဆင့် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း တင်ပို့ထားကြောင်း ဒေသခံများထံမှ သိရသည်။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့များနှင့် နစကတပ်တို့ မကြာခဏထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၈-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၈-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ