ဌာနဆိုင်ရာအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များ မပေါက်ကြားစေရေး အလေးထား ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ မှာကြား

လုံခြုံရေးနှင့် ပတ်သက်၍လည်း အထူးဂရုပြုဆောင်ရွက်စေလိုပြီး မိမိတို့ဌာနအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များ မပေါက်ကြားစေရန် အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် လုံခြုံရေးဆိုင်ရာ အချက်အလက်များ ပေါက်ကြားအောင် ပြုလုပ်သူများကိုလည်း ဖော်ထုတ်၍ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄) တွင် ပြောကြားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ အဆင့်ဆင့်တို့တွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သွားလာဆောင်ရွက်ရာတွင် စနစ်တကျဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ လုံခြုံ‌ရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများအားလုံးအနေဖြင့် စနစ်တကျကြိုတင် ပြင်ဆင်ခြင်းနှင့် စနစ်တကျ နေထိုင်ခြင်းများကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြမည်ဆိုပါက လုံခြုံရေးကျိုးပေါက်မှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် INGO ၊ NGO များနှင့် ပတ်သက်၍လည်း အသင်းအဖွဲ့များ စည်းကမ်းနှင့်အညီ စိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူမှုအဖွဲ့အစည်းများကို အကြောင်းပြကာ စည်းကမ်းဖောက်ဖျက်မှုများရှိသဖြင့် INGO ၊ NGO နှင့် ပတ်သက်၍ စိစစ် ဆောင်ရွက်ရန်လိုအပ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ပြည်ပနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် မိမိတို့အနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒနှင့်အညီ ကျင့်သုံးလျက်ရှိကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ပေါ်တွင် အခြေခံ၍ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်ပနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ ဆက်ဆံဆောင်ရွက်နေရသည့် ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ မှန်မှန်ကန်ကန်ဖြင့် ဆက်ဆံဆောင်ရွက်ရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “အဆင်မပြေတဲ့ ခဏ” သီချင်းလေးမှာ ဆယ်ကျော်သက် ကောင်မလေးပုံစံ ကြိုးစားဖန်တီးထားတယ်ဆိုတဲ့ နီနီခင်ဇော်
Next post (၇-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်