ပြည်တွင်း၊ ပြည်ပမှ အလှူရှင်(၂၇၄)ဦးမှ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအတွက် အလှူငွေကျပ်(၅)ဘီလျံကျော် နှင့် နိုင်ငံခြားငွေများ လှူဒါန်း
ဇူလိုင်လ ၃၀ ရက်
ပြည်တွင်း၊ ပြည်ပမှအလှူရှင် (၂၇၄)ဦးမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဥ်တည်ဆောက်မှုအတွက် အလှူငွေကျပ်(၅)ဘီလျံကျော် အပါအဝင် အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေများလှူဒါန်းခဲ့ကြောင်း နစကရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နစကဥက္က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်လ(၂၉)ရက်မှာ ရုပ်ပွားတော်မြတ်ကြီးရဲ့ ပရဝုဏ်အတွင်းရှိ ယာယီရှင်းလင်းဆောင်မှာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုအခြေအနေနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပါတယ်။
အဆိုပါအခမ်းအနားမှာ ပြည်တွင်း၊ ပြည်ပမှ အလှူရှင်(၂၇၄)ဦးမှ အလှူငွေ(၅ ဒသမ ဝ၄) ဘီလျံ (ငွေကျပ်သန်း ၅ဝဝဝ ကျော်)၊ အမေရိကန် ဒေါ်လာ(၂၃ဝဝဝ)နှင့် ထိုင်းဘတ်ငွေတစ်သိန်းတို့ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်မှုမှာ ရာနှုန်းပြည့်နီးပါးပြီးစီးပြီဖြစ်၍ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို လာမည့် သြဂုတ်လ(၁)ရက် (ဒုတိယဝါဆိုလပြည့်) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူများကို သြဂုတ်လ(၁၆)ရက်အထိ မည်သူမဆို လုံခြုံရေးအရ စစ်ဆေးမှုခံယူပြီး အခမဲ့ ဝင်ရောက် ဖူးမြော်ကြည်ညိုခွင့်ပြုမည်ဖြစ်ကြောင်းလည်း သိရပါတယ်။