လောကနန္ဒာဘေးမဲ့တောဥယျာဉ်၌ ကြယ်လိပ်ဥ ထောင်နှင့် ချီဥထား၊ ရာနှုန်းပြည့် သားပေါက်ရန်မျှော်လင့်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့သစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိသည့် မြန်မာ့မျိုးရင်း ကြယ်လိပ်များ ယခုနှစ်တွင် ထောင်နှင့်ချီ ဥဥထားပြီးဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် ကြယ်လိပ်ဥများ ၁၅၅၀ ခန့် ဥဥထားရှိ မှတ်သားထားပြီဖြစ်သည်။

ကြယ်လိပ်များ မျိုးဆက်မပျက်သုဉ်းရေးအတွက် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ်အထီး ၄၂ ကောင်၊ အမအကောင် ၄၀ စုစုပေါင်း ၈၂ ကောင်ကို ၂၀၀၁ ခုနှစ်မှ စတင်မွေးမြူခဲ့ရာ မွေးမြူစဉ်က ခုဂဏန်း၊ ဆယ်ဂဏန်းမျှသာ ပေါက်ဖွားနှုန်းရှိခဲ့သော်လည်း ယခုအခါ နှစ်စဉ်ထောင်နှင့်ချီ ပေါက်ဖွားလာသည်။

ကြယ်လိပ်များ မိတ်လိုက်ချိန်ဖြစ်သည့် မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတိုတွင်မိတ်လိုက်ကြကာ စက်တင်ဘာလမှ မတ်လကုန်အထိ ဥဥကြကြောင်း၊ အရွယ်ရောက်ပြီးသား ကြယ်လိပ်မတစ်ကောင်သည် ဥတစ်လုံးမှ ၁၆ လုံးထိ ဥဥကြကာ မေလ ၂၅ ရက်နောက်ပိုင်းမှ စတင်ကာ မေ၊ ဇွန်၊ ဇူလိုင်လတိုတွင် ကြယ်လိပ်များ သားပေါက်ကာ မြေပေါ်သို့ တက်လာကြကြောင်း သိရသည်။

ကြယ်လိပ်များဥဥရန် ဥကျင်းတူးချိန်၌ ဥယျာဉ်ဝန်ထမ်းများက ဥချသည့်ရက်စွဲ၊ ဥဥသည့် ကြယ်လိပ်မနံပါတ် ၊ဥအလုံးရေးတိုအား တိုင်များထောင်၍ မှတ်သားထားပြီး ကြယ်လိပ်ပေါက်ချိန် ဥကျင်းများထဲက တက်လာသည့် ကြယ်လိပ်များရေတွက်၍ ဘယ်နှစ်လုံးဥ၍ ဘယ်နှစ်ကောင်ပေါက်သည်ကို သိရှိနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၅-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post မန္တလေး ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ၊ သိန်း (၂၀၀၀) ကျော် ပါသွား